စုန့်ရှီလင်က သာမာန်အိမ်နေရင်း မီးခိုးရောင်၀တ်စုံကို ၀တ်ထားကာ လူတွေကို နည်းနည်း ဂရုမစိုက်ဘဲ ပုံမှန်ထက်ပိုပြီး ကင်းကင်းရှင်းရှင်းနေသလို ခံစားရစေသည်။
ဖရဲသီးလေးက ထခုန်ပြီး စုန်ရှီလင်ရဲ့ပေါင်ကို ဖက်တွယ်လိုက်သည်။ " ဦးဦးစုန့် , ဦးဦးလည်း ဒီမှာ နေတာလား ? "
ပေါ်ယွီကတော့ အတော်လေး ရှက်ကိုးရှက်ကန်းဖြစ်သွားသလို ခံစားလိုက်ရသည်။သူက သူ့ရဲ့အိမ်နီးချင်းအသစ်လေးကို တွေ့ချင်ရုံပါ။ဒါပေမယ့် သူ တစ်ခါမှ ထင်မထားခဲ့တဲ့ သူ့ရဲ့အရင်ရည်းစားဟောင်းနဲ့ လာတွေ့နေရတယ်လို့။
စုန့်ရှီလင်က ပေါ်ယွီနဲ့ဖရဲသီးလေးကို ကြည့်ပြီး ဘေးတစ်ဖက်ကိုကပ်ပေးကာ
" အထဲ၀င်ပြီး ထိုင်ကြလေ "
လမ်းခွဲခဲ့ကြပြီးတဲ့နောက် သူတို့ တစ်ညတာ အတူတူအိပ်ခဲ့ကြသည်။ဒါကြောင့် သူတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အချိန်မှာ သူတို့ကြားကလေထုဟာ အရမ်းကြီး ထူးဆန်းမနေပေ။
ပေါ်ယွီ ခေါင်းငြိမ့်လိုက်ပြီး အထဲ၀င်ကာ အိမ်ရဲ့ရိုးရိုးရှင်းရှင်းအပြင်အဆင်ကို ကြည့်ရင်း ပြောလိုက်သည်။ " မင်း ဘာလို့ ဒီကိုပြောင်းလာတာလဲ ? "
" ငါ့ရဲ့အရင်တိုက်ခန်းက ရောင်းထွက်သွားပြီလေ ။ အဲဒါကြောင့် အသစ်၀ယ်လိုက်တာ " ပေါ်ယွီနဲ့ဖရဲသီးလေးအတွက် ရေနွေးပူပူလေး တစ်ခွက်စီထည့်ပေးပြီးနောက် စုန့်ရှီလင်က ဘာစကားမှမဆိုတော့ဘဲ ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။
အဲဒီအချက်ကပဲ နေရခက်တဲ့ အခြေအနေကြီးကို ထုတ်လွှတ်ပေးနေလေသည်။
" ဦးဦးစုန့် , ဦးဦး သားကို မှတ်မိလား ? " ဖရဲသီးလေးက စုန့်ရှီလင်ကို အလွန်သဘောကျသည်။သူက စုန့်ရှီလင်ဆီကို သွားပြီး စုန့်ရှီလင်ရဲ့ဒူးနားမှာ ငုတ်တုတ်လေးထိုင်ချလိုက်သည်။သူ့ရဲ့နှစ်လိုဖွယ်ရာ မျက်၀န်းကြီးတွေကိုတော့ အကြိမ်ကြိမ် ပုတ်ခတ်ပုတ်ခတ်လုပ်နေလေသည်။
စုန့်ရှီလင်က ဖရဲသီးလေးရဲ့ဆံပင်လေးတွေကို ပွတ်ပေးရင်း ပြန်ဖြေလိုက်သည်။ " ဒါပေါ့ "
ဖြေပြီးတာနဲ့ စုန့်ရှီလင်က ပေါ်ယွီ့ဘက်ကို လှည့်ကာ မေးလိုက်သည်။ " အရင်က မင်း ဒီမှာနေမှန်း ငါ မသိခဲ့ဘူး "
ဒါက လွန်ခဲ့တဲ့နှစ်နှစ်အတွင်း စုန့်ရှီလင်ရဲ့ အသိသာအထင်ရှားဆုံး အခြေအနေတိုးတက်မှုပဲဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဟိုးအရင်တုန်းက စုန့်ရှီလင်ဟာ အရမ်းကို အာဏာရှင်ဆန်ပြီး နိုင်လိုမင်းထက်ပြုမူတတ်သူတစ်ဦးဖြစ်ကာ တစ်ဖက်လူကို ရှင်းပြပြောပြရမှာတွေကိုလည်း သဘောမကျပေ။
စုန့်ရှီလင် ပြောတာကို နားထောင်ပြီးနောက် ပေါ်ယွီ ခဏတစ်ဖြုတ် စိတ်ရှုပ်ထွေးသွားကာ ရယ်မောလိုက်သည်။ " ရပါတယ် , ငါ ကိစ္စမရှိပါဘူး "
စုန့်ရှီလင်က သိသိသာသာ အာရုံပျံ့လွင့်နေတဲ့ ပေါ်ယွီကို ကြည့်လာပြီး သူ့ရဲ့အကြည့်တွေကို ပြန်လည် ရုတ်သိမ်းလိုက်သည်။စုန့်ရှီလင်က ဖရဲသီးလေးကို ကောင်ချီလိုက်ပြီး စာကြည့်ခန်းထဲက iPad ကို ထုတ်ကာ puzzle game တစ်ခုကို download ဆွဲလိုက်သည်။အဲဒီနောက် သူက iPad ကို ဖရဲသီးလေးဆီ ပေးလိုက်သည်။ " မင်း ဂိမ်းကစားလို့ ရတယ်လေ "
ဖရဲသီးလေးက အရမ်းကို ပျော်ရွှင်သွားကာ မျက်၀န်းလေးတွေ တောက်ပလာသည်။ဒါပေမယ့် သူ စုန့်ရှီလင်ဆီကနေ iPad ကို မယူရဲပေ။ဒါကြောင့် ဖရဲသီးလေးက ပေါ်ယွီကို မျှော်လင့်ချက်တကြီးမျက်နှာအမူအရာလေးနဲ့ ကြည့်လိုက်သည်။
ပေါ်ယွီက ဒီလို electornic product တွေကို ၀ယ်ဖို့ ပိုက်ဆံမရှိတာမဟုတ်ပေ။ဒါပေမယ့် ဖရဲသီးလေးက internet ပေါ်မှာ ဂိမ်းကစားနေရင်း မမြင်သင့်တာတွေ မြင်သွားမှာ ဒါမှမဟုတ် ဂိမ်းစွဲပြီး ဖရဲသီးလေး မျက်လုံးထိခိုက်မှာ အဲဒီအကြောင်းတွေကို ပေါ်ယွီ စိတ်ပူတာကြောင့် သူက ဖရဲသီးလေးကို iPad ကစားဖို့ ခွင့်မပြုခဲ့ပေ။
ဒါပေမယ့် အခု စုန့်ရှီလင်က ဖရဲသီးလေးနဲ့ ရင်းနှီးချင်တာကြောင့် ဖရဲသီးလေးကို iPad ပေးကိုင်လိုက်သည်။စုန့်ရှီလင်ရဲ့အဲဒီအပြုအမူကြောင့် ပေါ်ယွီ ဘာမှထပ်ပြီး ဆန့်ကျင်မပြောဆိုနိုင်တော့ပေ။ပေါ်ယွီ ဒီလိုသာ ပြောလိုက်ရတော့သည်။ " မင်း ဆယ့်ငါးမိနစ်လောက် ကစားလို့ရတယ် ။ ဆယ့်ငါးမိနစ်ပြည့်ရင်တော့ မင်း ရှူခင်းကြည့်ဖို့ လသာဆောင်ကို ပြန်ရမယ် , ဟုတ်ပြီနော် ? "
ဖရဲသီးလေးက ကော်ဇောပေါ်မှာ ထိုင်ရင်း ဂိမ်းကစားနေသည်။
စုန့်ရှီလင်က ကော်ဖီတစ်ငုံယူသောက်လိုက်ပြီး ရုတ်တရက် ပြောလာခဲ့သည်။ " ဖရဲသီးလေးက စကားနားထောင်တာပဲ ။ မင်း သူ့ကို ကောင်းကောင်း သင်ပြပေးခဲ့တာပါ့ရော "
အကယ်၍ စုန့်ရှီလင်က အမှန်တရားကို မသိထားဘူးဆိုတာကိုသာ ပေါ်ယွီ မသေချာရင် စုန့်ရှီလင်က ဖရဲသီးလေးရဲ့နောက်ထပ်အဖေတစ်ယောက်လိုမျိုး သူ့ကို စကားပြောနေတယ်လို့တောင် ပေါ်ယွီ တွေးမိလုနီးပါးဖြစ်သွားရသည်။
ပေါ်ယွီ ခပ်ဟဟရယ်မောလိုက်သည်။
" ကျေးဇူးပဲ "
စုန့်ရှီလင်က သူ့မျက်လုံးတွေကို အောက်စိုက်ကြည့်လိုက်တာကြောင့် သူ့ရဲ့ခံစားချက်တွေကို မြင်နိုင်ဖို့ ခက်ခဲသွားသည်။ " မင်း ဒီကလေးနဲ့ပတ်သတ်ပြီး ငါ့ကို ဖြေရှင်းချက်တစ်ခုလောက် မပေးချင်ဘူးလား ? "
" ဒါက မှားယွင်းတဲ့စတင်မှုရယ် မှန်ကန်တဲ့ရွေးချယ်မှုရယ်နဲ့ ပျော်ရွှင်စရာအဆုံးသတ်တစ်ခုရယ်ပါ ၊ ငါ့မှာ ဘာမှ ရှင်းပြစရာမရှိပါဘူး " ပေါ်ယွီ တည်ငြိမ်စွာ ဖြေလိုက်သည်။သူ ဖရဲသီးလေးရဲ့အရှေ့မှာ ဒီအကြောင်းကို မဖြေချင်ပါပေ။
စုန့်ရှီလင်ရဲ့မျက်နှာအမူအရာဟာ တသတ်မတ်တည်းရှိနေပြီး သူ ဒေါသထွက်နေသလား ပျော်ရွှင်နေသလားဆိုတာကို သိရန်ပင် ခက်ခဲလှသည်။
ပေါ်ယွီက စုန့်ရှီလင်ကို ဖျက်ကနဲကြည့်လိုက်ပြီး အကြည့်ပြန်လွှဲသွားသည်။တစ်နှစ်ထက်တစ်နှစ် စုန့်ရှီလင်ရဲ့စိတ်ထဲမှာရှိတဲ့အတွေးတွေက ခန့်မှန်းဖို့ ပိုပိုခက်လာသလို ခံစားရသည်။
ဖရဲသီးလေးက နှုတ်ခမ်းလေးစူထွက်ကာ ပေါ်ယွီဆီ ပြေးလာသည်။ " ပါးပါး , သား ဗိုက်ဆာနေပြီ ၊ သား တစ်ခုခုစားချင်တယ် "
ဖရဲသီးလေး တန်ဖိုးထားကိုင်တွယ်ခဲ့တဲ့ iPad လေးဟာ အခုတော့ ကော်ဇောပေါ်မှာ ဖြစ်သလိုပစ်ထားခံနေရတာကြောင့် အထီးကျန်နေတဲ့ iPad လေးက တစ်ယောက်ယောက်ကို ရယ်ပြနေလေသည်။
ပေါ်ယွီက ခေါင်းငြိမ့်ကာ ဖရဲသီးလေးရဲ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ " ဟုတ်ပြီ ၊ ဦးဦးကို အရင်နှုတ်ဆက်လိုက်ဦး ပြီးရင် ပါးပါးတို့ ပြန်ရအောင် "
ဖရဲသီးလေးက မှင်တက်သွားသည်။ " သားတို့က ဦးဦးအိမ်မှာ မစားဘူးလားဟင် ? "
ပေါ်ယွီ အနည်းငယ် ချောင်းဟန့်ကာ စဉ်းစားလိုက်မိသည်။သူတို့ အိမ်နီးနားချင်းဆီသွားလည်တဲ့အခါကျရင် တစ်ဖက်လူအိမ်မှာ ထမင်းတစ်နပ်လောက်တော့ စားသင့်တယ်ဆိုတာကို ဘယ်သူကများ သူ့ရဲ့အူတူတူသားလေးဆီ ပြောထားတာပါလိမ့် ???
စုန့်ရှီလင်က ခဏလောက်တုံ့ဆိုင်းနေပြီး သူ့ဖုန်းကို ထုတ်လိုက်သည်။ " ငါ pizza အော်ဒါမှာလိုက်မယ် ၊ တကယ်လို့ မင်းတို့ကိစ္စမရှိရင် ဒီမှာစားသွားကြလေ "
ဖရဲသီးလေးက ပျော်ရွှင်သွားပြီး ကော်ဇောပေါ်က iPad လေးဆီပြန်သွားကာ iPad ကိုကောက်ယူပြီး ဂိမ်းဆက်ကစားနေလေသည်။
အိမ်ခေါင်းလောင်းက မြည်လာခဲ့သည်။
" တင်း တောင် "
ပေါ်ယွီ ဆတ်ကနဲထရပ်ကာ ပြောလိုက်သည်။ " pizza လာပို့တာထင်တယ် ၊ ငါ တံခါးသွားဖွင့်လိုက်ဦးမယ် "
စုန့်ရှီလင်က ဆိုဖာပေါ်မှာ ထိုင်နေပြီး သူ ဒီအိမ်က ပေါ်ယွီ့အိမ်မဟုတ်ဘဲ သူ့အိမ်ဖြစ်ကြောင်းကိုတော့ ပေါ်ယွီကို သတိမပေးလိုက်တော့ပေ။ပေါ်ယွီက ဧည့်သည်တစ်ယောက်နဲ့မတူဘဲ အိမ်ရှင်လို ပြုမူနေသည်။
ပေါ်ယွီက ခေါင်းလောင်းသံဟာ delivery လာပို့တဲ့လူပဲဖြစ်ရမယ်လို့ တွေးလိုက်သည်။ဒါကြောင့် သူ တံခါးကို ဖွင့်လိုက်ပြီး လာတဲ့သူကို သေချာမကြည့်ဘဲ ခေါင်းငုံ့ကာ အိတ်ကပ်ထဲကနေ ပိုက်ဆံထုတ်ရင်း ပြောလိုက်သည်။ " အဲဒါက ဘယ်လောက်ကျလဲ ? "
ခဏကြာတဲ့အထိ ဖြေသံမကြားရချေ။ပေါ်ယွီ မော့ကြည့်လိုက်တဲ့အခါ လာတဲ့သူက delivery ပို့တဲ့လူမဟုတ်ဘဲ ချီယန်ဖြစ်နေတာကို တွေ့လိုက်ရသည်။
ချီယန်မှာ အိမ်တံခါးလာဖွင့်ပေးတဲ့သူက စုန့်ရှီလင်မဟုတ်ဘဲ ပေါ်ယွီဖြစ်နေလိမ့်မယ်လို့ တစ်ခါလေးမှ မတွေးခဲ့ဘူးပါချေ။ချီယန် ရုတ်တရက်ကြီး အံ့အားသင့်သွားတော့သည်။
" မင်းက ဘာကိစ္စဒီမှာရောက်နေတာလဲ !? " ချီယန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချီယန်ရဲ့အသံကို ကြားတဲ့အခါ ဆိုဖာမှာထိုင်နေတဲ့ စုန့်ရှီလင်က ဂိမ်းကစားရင်း ကော်ဇောပေါ်မှာ လှဲနေတဲ့ဖရဲသီးလေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
စုန့်ရှီလင်က ဖရဲသီးလေးဆီ သွားလိုက်ပြီး ချော့မော့ကာ ဖရဲသီးလေးကို ဂိမ်းကစားဖို့ စာကြည့်ခန်းထဲထည့်ထားလိုက်သည်။အဲဒီနောက် သူ စာကြည့်ခန်းထဲကနေ ပြန်ထွက်လာခဲ့သည်။
ချီယန်က ပေါ်ယွီ့ကို အော်ဟစ်ပြောပြီးနောက် ပေါ်ယွီက အေးစက်စွာ တုံ့ပြန်လိုက်သည်။ " ချီယန် , မင်းအပြုအမူတွေကို သတိထား "
စုန့်ရှီလင်က ရောက်လာပြီး ပေါ်ယွီရဲ့အနောက်မှာ မတ်တပ်ရပ်နေသည်။
ချီယန်ရဲ့အမြင်မှာ စုန့်ရှီလင်ရဲ့အပြုအမူတွေက ပေါ်ယွီကို ကာကွယ်ပေးနေပြီး သူ့ကို ဆန့်ကျင်နေတာပဲဖြစ်သည်။
ချီယန်က စိတ်သောကရောက်နေဟန်နဲ့ ဆိုလိုက်သည်။ " စုန့်ရှီလင် , ပေါ်ယွီနဲ့ချိန်းတွေ့ဖို့အတွက် မင်း ငါ့ကို မပြောမဆိုနဲ့ အိမ်ပြောင်းသွားတယ်ပေါ့ ၊ မင်း ငါ့ကို ဘာလို့ နည်းနည်းလေးတောင် စဉ်းစားမပေးရတာလဲ ? "
စုန့်ရှီလင်က ချီယန်ကို ကြည့်လိုက်သည်။စုန့်ရှီလင်ရဲ့ စူးရှတဲ့မျက်လုံးတွေဟာ ချီယန်ရဲ့နှလုံးသားထဲအထိ ထွင်းဖောက်သွားနိုင်ပြီး လူကတော့ ဂရုမစိုက်ဘဲ စဉ်းစားနေဟန်ပေါ်သည်။
ချီယန်က အကူအညီမဲ့စွာနဲ့ ထိပ်ထိပ်ပျာပျာဖြစ်သွားပြီး နောက်ကိုဆုတ်သွားလိုက်မိသည်။ " မင်း ငါ့ကို ဘာလို့သစ္စာဖောက်ရတာလဲ ? "
" ငါ့မှာ သူနဲ့ ဘာမှလုပ်စရာမရှိဘူး ။ ဒါက မင်းတို့ရဲ့ကိုယ်ပိုင်ကိစ္စပဲ ။ ငါ့ကို မင်းတို့ကိစ္စထဲ ဆွဲမသွင်းနဲ့ " ပေါ်ယွီ စိတ်ဆိုးမာန်ဆိုး ပြောလိုက်ကာ သူ ထွက်သွားချင်နေပြီဖြစ်သည်။ဒါပေမယ့် စုန့်ရှီလင်က သူ့လက်မောင်းကို အားနဲ့ဆွဲဆုပ်ထားတာကြောင့် ပေါ်ယွီ ခဏအတွင်း မရုန်းနိုင်ဖြစ်နေသည်။
ချီယန် သူ့ရှေ့မှာ ကလူကျီစယ်နေကြတဲ့ လူနှစ်ယောက်ကို ကြည့်ပြီး သူ့မျက်လုံးတွေဟာ ဒေါသကြောင့် နီရဲလာခဲ့သည်။
စုန့်ရှီလင်က သူ ပေါ်ယွီကို ရှင်းပြတာပဲဖြစ်ဖြစ် ချီယန်ဆီ သူ့ရဲ့မကျေနပ်ချက်တွေကို ဖော်ပြတာပဲဖြစ်ဖြစ် ပြောဖို့လုပ်လိုက်သည်။
" ချီယန် , မင်းအတွက် ငါလုပ်ပေးခဲ့တာတွေက လုံလောက်ပြီ " စုန့်ရှီလင်က သွယ်ဝိုက်ပြောဆိုလိုက်သည်။ " ငါလည်း မင်း ငါ့အပေါ် လုပ်ခဲ့တဲ့ကိစ္စကို သိတယ် "
" ဟမ်းးး , ငါ့ကိုလာပြီး အပြစ်တင်မနေနဲ့ !! " ချီယန် အထိတ်တလန့်ဖြစ်သွားပြီး တွေးလိုက်မိသည်။စုန့်ရှီလင်က သူ့ရဲ့လျို့ဝှက်ချက်ကို ရှာတွေ့သွားတာလား ?
ဒါပေမယ့် သူ အရမ်းကိုလျို့လျို့ဝှက်ဝှက်လုပ်ခဲ့တဲ့ဟာ စုန့်ရှီလင် အဲဒါကို သိသွားစရာအကြောင်းမရှိဘူး။
ချီယန်က သူ့ရဲ့လျို့ဝှက်ချက်ပေါ်သွားပြီထင်ကာ အရမ်း အထိတ်ထိတ်အလန့်လန့်ဖြစ်နေသည်။
ချီယန်ရဲ့မျက်နှာအမူအရာကြောင့် ပေါ်ယွီဟာ စုန့်ရှီလင်က သူ့လက်မောင်းကို ဆွဲထားတုန်းဆိုတာကိုတောင် သတိမထားမိတော့ပေ။ပေါ်ယွီရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး ချီယန်ကိုကြည့်ကာ ချီယန်မှာလျို့ဝှက်ချက်တစ်ချို့ရှိရမယ်လို့ တွေးလိုက်မိသည်။
စုန့်ရှီလင် ပြောလိုက်သည်။ " ငါ ဒီကို မနေ့ညကမှ ပြောင်းလာတာ ။ ဒီလောက်ခဏလေးအတွင်း မင်းက ဘယ်လိုသိသွားရတာလဲ ? "
ချီယန်ရဲ့ပါးစပ်က အနည်းငယ် ပွင့်ဟသွားပြီး သူက အသံခပ်တိုးတိုးနဲ့ ပွစိပွစိပြောလိုက်သည်။ " မကောင်းတဲ့ကောင်တစ်ကောင်က မင်းကို လှည့်စားသွားမှာ ငါ စိတ်ပူလို့ပေါ့ ၊ ရှီလင် , မင်း ငါ့ကို အထင်မလွဲပါနဲ့ ဟုတ်ပြီလား ? "
ချီယန်ရဲ့စကားလုံးတွေထဲက မကောင်းတဲ့ကောင်ကတော့ မပျော်မရွှင်ခံစားလိုက်ရကာ လှောင်ပြောင်ပြောလိုက်သည်။ " ကိုယ်လုပ်ခဲ့တာကို မသိချင်ယောင်ဆောင်ဖို့ ကြိုးစားနေကြတဲ့လူတွေကပဲ အပိုတွေလုပ်ကြတာနော် ။ မင်း ကိုယ့်လူကိုယ်တောင် မထိန်းနိုင်ဘဲနဲ့ "
ချီယန်က ပေါ်ယွီကို ဒေါသတကြီးကြည့်ကာ " ပါးစပ်ပိတ်ထား !!! "
ပေါ်ယွီရဲ့မျက်၀န်းထဲမှာ မည်းမှောင်ခြင်းတွေ ဖြတ်ပြေးသွားပေမယ့် သူ ချက်ချင်းပဲ ဂရုမစိုက်ဟန်ပြုလိုက်သည်။
ချီယန်ကတော့ သူ အရင်တုန်းက သေချာအစီအစဉ်ချထားခဲ့တာကို သတိရသွားပြီး အရမ်းဒေါသထွက်နေသည်။စုန့်ရှီလင်သာ သံပရာရည်ကို သောက်ခဲ့လိုက်ရင် စုန့်ရှီလင်က လုံး၀ကို သူ့လူဖြစ်နေပြီဖြစ်သည်။
ဒါပေမယ့် ခွေးကောင်ပေါ်ယွီက ဒီမှာ ဘာလာလုပ်ချင်နေတာလဲ ?
ပေါ်ယွီသာမရှိရင် ဒီနေ့ သူနဲ့စုန့်ရှီလင်ရဲ့ဆက်ဆံရေးကလည်း တင်းမာကုန်မှာမဟုတ်ပေ။
ပေါ်ယွီ ဒင်းကဂြိုလ်ဆိုးကောင်ပဲ !!!
စုန့်ရှီလင်က ပင်ပန်းနေသလို ခံစားလိုက်ရပြီး ချီယန်ကို ရှင်းပြချင်စိတ်လည်း မရှိတော့ပေ။ " ကျေးဇူးပြုပြီး ပြန်လိုက်တော့ ၊ ငါတို့ရဲ့ဆက်ဆံရေးက ပြီးသွားပြီ ။ နောက်ထပ် ဘာကိစ္စမှရှိစရာမလိုတော့ဘူး "
အဲဒီစကားတွေကို ကြားလိုက်ရပြီးနောက် ချီယန်မှာ အိမ်တံခါးကို အားပြင်းပြင်းနဲ့ ပိတ်သွားတဲ့ စုန့်ရှီလင်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
ပေါ်ယွီ လက်ပိုက်လိုက်ပြီး စုန့်ရှီလင် ပြောခဲ့တဲ့စကားတွေကို သံယောင်လိုက်သလို ထပ်ပြောလိုက်သည်။ " ငါတို့ရဲ့ဆက်ဆံရေးက ပြီးသွားပြီ ။ နောက်ထပ် ဘာကိစ္စမှရှိစရာ မလိုတော့ဘူး "
စုန့်ရှီလင်ရဲ့အမူအရာက မပြောင်းလဲပေ။
" အင်း "
ပေါ်ယွီ လှောင်ပြောင်လိုက်ပြီး ဧည့်ခန်းဆီကို လှည့်ထွက်သွားကာ ဟိုဟိုဒီဒီကြည့်လိုက်ပေမယ့် သူ ဖရဲသီးလေးကို မတွေ့မိပေ။
" သူ စာကြည့်ခန်းထဲမှာ " စုန့်ရှီလင်က ဝိုင်ဗီရိုထဲကနေ ဝိုင်နီတစ်ပုလင်းကို ထုတ်ကာ ဖန်ခွက်နှစ်ခွက်ထဲကို လောင်းထည့်လိုက်ပြီး နှစ်ခွက်ထဲက တစ်ခွက်ကို သူ မော့သောက်လိုက်သည်။
အရက်ကို စွဲလမ်းနေတဲ့ ပေါ်ယွီဟာ ဝိုင်နီကိုလည်း ခုခံနိုင်စွမ်းမရှိပေ။သူ ရှေ့ကိုလျှောက်လာပြီး ဝိုက်ခွက်ကိုယူကာ ဝိုင်တစ်ငုံသောက်လိုက်လေသည်။ပေါ်ယွီ စုန့်ရှီလင်ရဲ့ပခုံးကို လက်ညှိုးလေးနဲ့ တို့လိုက်သည်။ " ဒီဝိုင်က ပြင်းသားပဲ "
စုန့်ရှီလင် ခေါင်းငြိမ့်ပြလိုက်ပြီး နောက်တစ်ခွက်လောင်းထည့်ရင်း မေးလိုက်သည်။ " ဒီနှစ်နှစ်မှာ မင်း ဘယ်လိုလဲ ? "
ပေါ်ယွီ ခပ်ဟဟရယ်ရင်း သူ့ဖန်ခွက်ထဲမှာရှိတဲ့ ဝိုင်နီတွေကို လှုပ်ခတ်လိုက်ပြီး ညှိုးမှိုင်နေတဲ့ အသံနဲ့ ပြောလိုက်သည်။ " အင်းးး , အဆင်ပြေပါတယ် ၊ ဒီနှစ်တွေမှာ အခက်အခဲတွေကိုတော့ ဖြတ်သန်းခဲ့ရတာပေါ့ "
" မင်း နှစ်နှစ်လောက် ဘာလို့ တခြားသွားနေတာလဲ ? " စုန့်ရှီလင်က စိတ်ရှုပ်ထွေးနေတဲ့ အရိပ်အယောင်တွေနဲ့အတူ နီရဲနေတဲ့မျက်လုံးတွေနဲ့ကြည့်ကာ " ငါက မင်း စိတ်ရှုပ်လို့ ခဏလောက်ထွက်သွားပြီး မကြာခင် ပြန်လာမှာပဲလို့ အမြဲတမ်း တွေးထားခဲ့တာ "
ပေါ်ယွီက ခေါင်းကိုလှည့်ကာ စုန့်ရှီလင်ကို ကြည့်လိုက်သည်။ဒါက သူတို့ပြန်ပြီး အဆင်ပြေသွားအောင်လုပ်ဖို့ အကောင်းဆုံးအခွင့်အရေးဆိုတာ ပေါ်ယွီ သိသည်။
ဒီစကားလုံးတွေဟာ ရှေးရိုးဆန် ၊ လျစ်လျူရှူတတ်ပြီး ပုံသေသမားရိုးကျဆန်တဲ့ ဒီအမျိုးသား လုပ်ပေးနိုင်တဲ့ အကြီးမားဆုံး လိုက်လျောချက်ပင်ဖြစ်သည်။
______ ပေါ်ယွီက ဒီအကြောင်းတွေကို ပြောပြဖို့သာ ဆန္ဒရှိရင် သူတို့ နောက်တစ်ကြိမ်ပြန်ပြီး စတင်နိုင်တယ်။
ဒါပေမယ့် လူတွေပြောင်းလဲသွားသော်လည်း ကိစ္စတွေက ကျန်ရှိနေသေးသည်။ပေါ်ယွီ သူ့ရဲ့လျို့ဝှက်ချက်ကို စုန့်ရှီလင်နဲ့အတူ မျှဝေဖို့အတွက် မဝံ့ရဲသေးပေ။
ပေါ်ယွီ သူ့ရဲ့ရင်တွင်းဆန္ဒတွေကို တမင်တကာ မသိချင်ယောင်ဆောင်လိုက်ပြီး သူ စုန့်ရှီလင်ရယ် သူ့နှလုံးသားထဲကပျော်ရွှင်မှုရယ်နဲ့အတူ ရှိနေချင်သေးတာကြောင့် ပေါ်ယွီ ငြင်းဆန်လိုက်သည်။ " ငါ့မှာ ဖရဲသီးလေးရှိတယ် "
" အင်း " စုန့်ရှီလင်က ဘာအရိပ်အယောင်မှမပြဘဲ ဖန်ခွက်ထဲက ဝိုင်တွေအားလုံးကို မော့သောက်လိုက်ပြီးနောက် သူ့အကြည့်တွေကို ရုတ်သိမ်းကာ ဝိုင်ပုလင်းကို ကောက်ယူလိုက်သည်။
ဒီစကားလုံးတွေက ဒီအမျိုးသားရဲ့အကြီးမားဆုံး လိုက်လျောချက်ပင်ဖြစ်သည်။ဒါ့ပြင် သူ ဒီထက်ပိုပြီး သူ့ရဲ့အားနည်းနေတဲ့ပုံကို ပြသတော့မှာ မဟုတ်ပေ။
လူနှစ်ယောက်ကို ဆက်နွယ်ထားတဲ့ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းဟာ လုံးလုံးလျားလျား ပြတ်တောက်သွားပြီဖြစ်သည်။
ပေါ်ယွီ ခါးသက်စွာ ခံစားလိုက်ရပြီး မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ " နောက်မှတွေ့မယ် ၊ ငါ ဖရဲသီးလေးကို အရင်ပြန်ခေါ်သွားတော့မယ် "
စုန့်ရှီလင်က ပေါ်ယွီကို ပြန်လှည့်ကြည့်မလာဘဲ ဒီတိုင်း ပြောလိုက်သည်။ " ဟုတ်ပြီလေ "
စုန့်ရှီလင်ရဲ့လျော့ရဲရဲပုံစံကို ကြည့်ပြီးနောက် ပေါ်ယွီ နေရာမှာပဲ ခဏမတ်တပ်ရပ်နေမိကာ စာကြည့်ခန်းဆီသွားပြီး ဖရဲသီးလေးကို ခေါ်ခဲ့လိုက်သည်။
ဖရဲသီးလေးက ပေါ်ယွီရဲ့ကျောပေါ်မှာ လှဲနေရင်း စုန့်ရှီလင်ကို အင်တင်တင်ပုံစံလေးနဲ့ လက်ပြလိုက်သည်။ " တာ့တာ , ဦးဦးစုန့် ၊ သား နောက်တစ်ခါကျမှ တန်တန်နဲ့အတူတူ လာလည်လှည့်မယ်နော် "
______________
ချီယန်က အောက်ထပ်မှာ မတ်တပ်ရပ်နေပြီး ပြောလိုက်သည်။ " ပေါ်ယွီနဲ့စုန့်ရှီလင်က နောက်တစ်ခါထပ်ပြီး အတူတူရှိနေကြပြန်ပြီ။အရင်က ငါ ပြောခဲ့တယ်လေ ။ ငါတို့ ပေါ်ယွီ ဟွားချန်မြို့တော်ဆီ နောက်ထပ် ပြန်လာမှာကို တားရမယ်လို့ ။ မင်း ငါ့အကြံကို ဘာလို့ မလိုက်နာခဲ့တာလဲ ? "
ဖုန်းတစ်ဖက်မှာရှိတဲ့ အမျိုးသားရဲ့အသံဟာ မကျေနပ်ခြင်းတွေ ပြည့်လျှံသွားသည်။ " ချီယန် , မင်း အခု ဘယ်သူ့ကို စကားပြောနေတာလဲဆိုတာကိုရော သိသေးရဲ့လား ? "
ချီယန် စိုးရိမ်သွားပြီး ပြန်ပြောလိုက်သည်။ " တောင်းပန်ပါတယ် ဒါပေမယ့် ကျွန်တော် ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူး ။ သူတို့တွေ တစ်အိမ်တည်းကနေ အတူတူထွက်လာတဲ့ မြင်ကွင်းကြီးက ကျွန်တော့်စိတ်ထဲမှာ ပေါ်လာတိုင်း ကျွန်တော် အဲဒါကို မထိန်းချူပ်နိုင်တော့ဘူး "
" အရူး ! " ဖုန်းတစ်ဖက်ကလူဟာ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်သည်။ " မင်းမှာ အောင်အောင်မြင်မြင်ဖြစ်အောင်လုပ်နိုင်တဲ့ အရည်အချင်းတော့ လုံလုံလောက်လောက်မရှိပေမယ့် ဒုက္ခရောက်အောင် ပြသာနာရှာတဲ့ အရည်အချင်းကတော့ လုံလောက်တာထက်တောင် ပိုနေသေးတယ် ၊ ယောကျ်ားတစ်ယောက်က မင်းနဲ့အိပ်မှာကိုတောင် မင်း ခွင့်မပြုနိုင်ဘူး ။ မင်းက ငါ့အတွက် သုံးစားလို့ကိုမရဘူး !!! "
ချီယန် တိတ်ဆိတ်သွားသည်။ကြည့်ရတာ သူက ဖုန်းတစ်ဖက်ကလူရဲ့ စွပ်စွဲအပြစ်တင်ချက်ကို မကျေမနပ်ဖြစ်သွားပုံရသည်။
" ငါ မင်းကို ပြောဖူးပါတယ် ။ မင်း စိတ်ငြိမ်ငြိမ်ထားပြီး ဘာကိုမှ မဆင်မခြင်ကမူးရှူးထိုးမလုပ်ပါနဲ့လို့ ။ မင်း ဘာကိစ္စ ငါပြောတာကို နားမထောင်ရတာလဲ !!? " ခဏလောက်ကြာတဲ့အခါ ဖုန်းတစ်ဖက်ကလူက တည်ငြိမ်သွားပြီး ပြောလာခဲ့သည်။ " ငါ သန်ဘက်ခါကျရင် ပြန်လာမှာ အဲဒီအချိန်ကျမှ မင်း ငါ့ကိုတွေ့ဖို့လာခဲ့ "
ချီယန် ခေါင်းငြိမ့်လိုက်သည်။
" ပေါ်ယွီကို လွှတ်ထားလိုက် ။ ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိတယ် " ဖုန်းတစ်ဖက်ကလူဟာ ဖြည်းညင်းစွာ ဆိုလိုက်သည်။ " ငါ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ် ၊ မင်း အဲဒါကို ကျရှုံးရင် မင်းက တကယ်ပဲ ငါ့အတွက် အသုံးမ၀င်တော့ဘူး "
ပြောပြီးတာနဲ့ အဲဒီလူက ဖုန်းတန်းချသွားခဲ့သည်။
ချီယန်က ဖုန်းကိုပစ်ချလိုက်ပြီး တောင့်တင်းနေတဲ့မျက်နှာကြီးနဲ့အတူ အိမ်ရာ၀င်း၀င်ပေါက်ဆီ လမ်းလျှောက်သွားလိုက်သည်။များပြားလွန်းလှတဲ့ မနာလို၀န်တိုစိတ်တွေဟာ သူ့ရဲ့ဆင်ခြင်နိုင်စွမ်းကို ဖြည်းဖြည်းချင်း တစ်တိတိ တိုက်စားနေလေသည်။
ပေါ်ယွီ , ငါ မပျော်ရဘူး ၊ အဲဒီတော့ မင်းလည်း ပျော်ပျော်ရွှင်ရွှင် ဘ၀မှာ မနေရသင့်ဘူး !!!
.
.
.
.
.
.
ဖတ်ရတာ မကြိုက်ကြဘူးလားဟင် 😪
ဖုန်းဆက်တဲ့လူကို သိချင်ရင် cb cb