Tian Bao Fu Yao Lu (mm trans)

🇲🇲HninThaweThadar
  • --
    chs / week
  • --
    NOT RATINGS
  • 1k
    Views
Synopsis

Chapter (1)

Chapter (1)

ယောင်ကျင်းနန်းတော်က သူတော်စင်သုံးပါး

Chapter (1)

ယောင်ကျင်း သူတော်စင်သုံးပါး

ရေခဲတွေ ပိတ်ဆို့ထားတဲ့ မြစ်ဝါမြစ်ကို ဖြတ်ကူးချင်ရင် ထိုက်ဟန်ရဲ့ နှင်းဖုံးတောင်တန်းတွေကို တက်ရမည်။

ကောင်းကင်​ကြီးသည် မျက်စိတစ်စုံး မမြင်နိုင်သလောက် ကျယ်ဝန်းပြီး ထိုက်ဟန် တောင်ထိပ်များသည် တစ်နှစ်ပတ်လုံး နှင်းများဖြင့် ဖုံးလွှမ်းနေပြီး ကောင်းကင်ယံက တိမ်တိုက်များနှင့် ရောယှက်နေသည်။ ဤနေရာသည် သာမာန်ငှက်များ လက်လှမ်းမမီသော နေရာဖြစ်ပြီး ကောင်းကင်ပြာပေါ်တွင် အဖြူရောင်သိမ်းငှက် အနည်းငယ်မျှသာ ပျံဝဲနေသည်။

လေပြင်းများက တိုက်ခတ်လျက် ရှိကာ အပြာရောင်ကောင်းကင် အောက်တွင် အနက်ရောင် အစက်အပြောက်လေးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ငှက်ကြီးတစ်ကောင်သည် ခြေသည်းများကို ကုပ်ကာ တိမ်တိုက်များကို ဖြတ်ကျော်ကာ အတောင်ပံများကို ဖြန့်၍ ဝင်လာခဲ့သည်။

နေဝင်ရီတရော အချိန်တွင် ၎င်း၏ အတောင်ပံများသည် ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေကာ တိမ်များ ဖုံးလွှမ်းနေသော တောင်ထိပ်ဆီသို့ ပျံသန်းသွားခဲ့သည်။ တိမ်များနှင့် မြူခိုးများကို ဖြတ်ကျော်ပြီးနောက် တောင်တန်းများ ဝန်းရံထားသော အလယ်တွင် လှပသော နန်းတော် အဆောက်အအုံကြီး ပေါ်လာ၏။ ညနေစောင်း အချိန်ကြောင့် နန်းတော်၏ အပြင်ဘက် နံရံများဟာ အနီရောင် မီးတောက်များဖြင့် ခြယ်သထားသလို ဖြစ်နေသည်။

နန်းတော်ထဲတွင် တစ်နှစ်ပတ်လုံး ကျဆင်းနေသော ဆီးနှင်းများ မရှိတော့ဘဲ စိမ်းလန်းသော သဖန်းပင်များ အပြည့်နှင့် တောက်ပသော နေရောင်အောက်တွင် ညနေခင်း လေတိုက်သောအခါ သဖန်းပင်များ၏ အရွက်များသည် တောင်တစ်ပြင်လုံး ကြွေကျနေသည်။ နေဝင်ချိန်၏ အလင်းရောင်နှင့် အရိပ်သည် ဤနန်းတော်ဆီသို့ ဆွဲခေါ်သွားသလိုပင်။

ကြီးမားသော ငှက်ကြီးသည် ပင်မခန်းမအပြင်ဘက်ရှိ လမ်းမပေါ်၌ ဆင်းသက်လိုက်သည်။ ၎င်း၏ ရှည်လျားသော အော်ဟစ်သံနှင့်အတူ အတောင်များကို လှုပ်ခါသွားကာ ၎င်း၏တစ်ကိုယ်လုံးရှိ ရွှေအမွေးများ ရုတ်တရက် လွင့်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ခု အဖြစ်သို့ စုစည်းလာခဲ့သည်။ ကောင်းကင်၌ အမွေးအတောင်များ ပြန့်ကျဲသွားပြီးနောက် အရပ်ရှည်ရှည် လူငယ်တစ်ဦး ပေါ်ထွက်လာ၏။

ထိုအမျိုးသားသည် အရပ် ကိုးပေနီးပါးရှိပြီး နက်နဲသော မျက်နှာအသွင်အပြင်၊ ရွှေညိုရောင် အရိပ်အမြွက် ပြထားသည့် မျက်လုံးများ၊ သန်မာသော ခန္ဓာကိုယ်အပေါ်ပိုင်း၊ ကောင်းစွာသတ်မှတ်ထားသည့် ဝမ်းဗိုက်ကြွက်သားများ၊ ဂျုံရောင် အသားအရည်နှင့် ခါးတစ်ဝိုက်တွင် ရွှေရောင်ပန်းထိုးထားသည့် နက်မှောင်သော ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည်။ ထိုအမျိုးသားက သူ့လက်ထဲတွင် ထုပ်ပိုးထားသော ပစ္စည်းတစ်ခုကို ကိုင်ကာ ပင်မခန်းမဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

နန်းတော်အတွင်းရှိ လူငယ်များနှင့် မိန်းကလေးများက ထိုသူ ဖြတ်သွားတာကို မြင်သောအခါ အားလုံး တစ်ပြိုင်တည်း ဒူးထောက်လိုက်ကြသည်။

"အရှင်ချင်းရှုံ"

"ချင်းရှူံ" ဟုခေါ်သော အမျိုးသားသည် တော်ဝင် ဝတ်ရုံကို လွင့်လျက် သဖန်းပင်များဖြင့် ပြည့်နေသော နန်းတော်၏ ပင်မခန်းမဆောင်ကို ဖြတ်လျှောက်သွားခဲ့သည်။ ညတာ၏ အလင်းရောင်သည် ပင်မခန်းမကို တိတ်ဆိတ်စွာ ဖုံးလွှမ်းနေပြီး ခန်းမကြီးထဲတွင် အလင်းရောင် မရှိနေပေ။

မှောင်မိုက်နေသော ကောင်းကင်အောက်က ခန်းမဆောင်ကြီးထဲတွင် မြင့်မားသော ပလ္လင်သုံးခု ရှိသည့်အနက် နှစ်ခုက လွတ်နေပြီး အလယ်က ပလ္လင်ပေါ်တော့ အနီရောင်အဝတ်အစား၊ ဆံပင်နီနီနဲ့ လူတစ်ယောက် ထိုင်နေသည်။

သူ၏ အနီရောင်ဆံပင်သည် မီးတောက်ကဲ့သို့ နီရဲနေကာ သူ၏ တော်ဝင်ဝတ်စုံသည် မှောင်နေသော အခန်းထဲတွင်ပင် နံနက်ခင်း အလင်း​ရောင်ကြီး တောက်ပနေသကဲ့သို့ ရွှေရောင်များဖြင့် ရွှန်းလဲ့နေပေသည်။ ခါးပတ်ပေါ်ရှိ ရှည်လျားသော မီးတောက်အမြီးမှ အမွေးများသည် မြေပြင်သို့ တိုးဝင်သွားသည်။ သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းရှိ တော်ဝင်ဝတ်စုံကို ပခုံးပေါ်၌ ဖြည်းညှင်းစွာ ချိတ်ဆွဲထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ဝက်ကို ပေါ်လွင်စေကာ ဖြူစင်သော အသားအရေနှင့် သန်စွမ်းသော ကြွက်သားများကို ပြသထားသည်။

ထိုလူသည် ခြေသံများကို ကြားသောအခါ ခေါင်းကို မော့၍ ချင်းရှူံကို ကြည့်လိုက်သည်။

သူသည် ဤနန်းတော်၏ ဘုရင်ဖြစ်ပြီး နှင်းထူထပ်သော မြေနှင့် ကောင်းကင်ကြီး၏ အရှင်သခင်ဖြစ်သည်။ သူ့နာမည်က "ချုံမင်" လို့သိတာ ကမ္ဘာပေါ်မှာ အနည်းစုပဲ ရှိတော့၏။ မင်းဆက်တွေ ပြောင်းလဲသွားသလို သူ့ရဲ့နာမည်ဟာလည်း သမိုင်းမှာ ဟိုးအရင်ကတည်းက ပျောက်ကွယ်သွားခဲ့ပါပြီ။

သူ့တွင် ချောမောသော မျက်နှာ၊ ထက်ရှ​သေယ ဓားလို မျက်ခုံးမွှေးရှိပြီး တည်ငြိမ်မှုရှိသည်။ သူ့ကိုယ်သူ အစွမ်းထက်သည့် ခံစားမှုမျိုးနဲ့ ဥပေက္ခာပြုထားသည့် အငွေ့အသက်က သူ့မျက်လုံးများထဲ၌ အပြည့်ပင်။ သူ့လည်ပင်းတွင် မီးလောင်ထားသော အမှတ်အသားတစ်ခု ရှိနေပြီး နားရွက်အောက်အထိ ဆက်လက်ရှိနေပါသည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ချင်းရှူံက နောက်ဆုံးတော့ စကားစလိုက်သည်။

"ခုန်ရွှမ်း မရှိတော့ဘူး.... မင်း ပြုစုပျိုးထောင်ဖို့ မိဘမဲ့ကလေးတစ်ယောက် ထားခဲ့တယ်"

"ဘယ်လိုသွားသေတာလဲ?"

ချုံမင် အေးစက်စွာ မေးလိုက်သည်။ ချင်းရှူံက သူ့ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး ခန်းမကြီးသည်လည်း တိတ်ဆိတ် ငြိမ်သက်သွားလေသည်။

"သူနဲ့လူသား ရထားတဲ့ သားစဉ်မြေးဆက်ကို ငါမွေးမှာ မဟုတ်ဘူး...."

ချုံမင်က အေးတိအေးစက်နဲ့ပဲ ပြောသည်။

"တောင်အနောက်ဖက်က ချောက်ကမ်းပါးမှာ နေရာတစ်နေရာ ရှာပြီး ပစ်ချလိုက်!"

ချင်းရှူံသည် ဒူးတစ်ဖက်ထောက်ကာ သူ့လက်ထဲတွင် ထုပ်ပိုးထားသော အရာကို မြေပြင်ပေါ်သို့ ချလိုက်သောအခါတွင် ထိုအရာက တဖြည်းဖြည်း အရွယ်အစား ကြီးလာပြီး ကြာပန်းများ ချယ်လှယ်ထားသော ထောင့်လေးထောင့်က တဖြည်းဖြည်း ပွင့်လာလေသည်။ အထဲတွင် ကောင်လေးတစ်ယောက် ရှိနေ၏။

ကောင်လေးသည် အထုပ်လေးထဲ၌ ဘေးတိုက် အနေအထားဖြင့် ကွေးကွေး ရှိနေကာ နူးညံ့သော အသွင်အပြင်နှင့် စုတ်ပြတ်နေသော ပိတ်စကို ၀တ်ဆင်ထားသည်။ ပိန်ပါးသော ခန္ဓာကိုယ်သည် မြင့်တက်လာစဥ် သူ့လက်ထဲတွင် အမည်မသိ အရာတစ်ခုကို ဆုပ်ကိုင်ထားသည်။ သူ့လက်ထဲတွင် အရေးကြီးသောအရာကို ကာကွယ်သည့် အတိုင်းပင်။

"လူ့အသက်ဆို ဒီနှစ်မှာ အသက် လေးနှစ်ပဲ ရှိပါသေးတယ်"

ချုံမင် ကလေးကို တိတ်တဆိတ် ကြည့်နေသည်။ ချင်းရှူံ ကလေးကို ပွေ့ချီလိုက်သောအခါတွင် ကလေးက မသက်မသာ ခံစားလိုက်ရသလို အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

"သူက သူ့အဖေ ငယ်ငယ်က ပုံစံလေးနဲ့ တစ်ပုံစံတည်းပဲ"

သူသည် ကလေးအား ပွေ့ဖက်ကာ လှေကားပေါ် တက်လာရင်း ချုံမင်အနားသို့ ရောက်လာပြီး တိုးတိုးလေး ပြောသည်။

"ကြည့်.... မျက်လုံး မျက်ခုံးမွှေး"

ချုံမင်က "ငါပြော​နေတယ်.... သတ်ပစ်လိုက်လို့!!"

ချင်းရှူံက ကလေးကို ပေးခဲ့ပေမယ့် ချုံမင်က မကိုင်တာကြောင့် ကလေးငယ်ကို ချုံမင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တင်ထားခဲ့လိုက်သည်။ ကလေးသည် အိပ်ငိုက်​နေရာမှ နိုးထတော့မည့်ဟန်ဖြင့် တဖန် ပြန်လှုပ်ရှားလာ၏။ ထိုစဥ် ချုံမင်၏ နူးညံ့နွေးထွေးသော ရင်ဘတ်ကို ခံစားလိုက်ရတဲ့အခါ တိုးဝေ့လိုက်တာကြောင့် တစ်ချိန်တည်းမှာပင် သူ့လက်ထဲမှ အရာလေးလည်း ပြုတ်ကျသွားသည်။ ၎င်းက အစိမ်းရောင် ဒေါင်းအမွေးပင်။

"သူ့ကို နာမည်တစ်ခု ပေးလိုက်ဦး... ငါ သွားတော့မယ်"

"ဘယ်သွားမလို့လဲ" ချုံမင်က အေးစက်စွာ ပြောပြီး။

"သူ့ကို ငါ့ဘေးမှာထားရင် ငါအဲဒီ့မိန်းမကို အချိန်မရွေး တွေးမိတာနဲ့ သူ့ကိုသတ်ပစ်မှာ!"

"မင်းသ​ဘောပဲ"

ချင်းရှူံသည် ချုံမင်ကို မျက်နှာမူပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်လှည့်ကာ ပြောလာခဲ့သည်။

"တိရန်ကျယ်ရဲ့ နောက်ဆုံးရက်ကို ရောက်လာပြီ... ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ နတ်ဆိုးတွေရဲ့ နယ်မြေ ဖြစ်လာတော့မယ်... ကောင်းကင်နတ်ဆိုးရဲ့ ရှင်ပြန်ထမြောက်မယ့် ရက်ကလည်း နီးကပ်လာပြီ.... ငါ ခုန်ရွှမ်း သေဆုံးရခြင်းရဲ့ အကြောင်းရင်းအမှန်ကို ရှာဖွေရမယ်"

"သွားပြီ..."

သူပြောပြီးသည်နှင့် တပြိုင်နက် ချင်းရှူံသည် ရှေ့သို့ ခုန်တက်ကာ အတောင်ပံများကို ဖြန့်လိုက်သည်။ ထိုသူကား အနက်ရောင် ငှက်ကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားကာ အတောင်ပံခတ်လျက် ဟောက်သံရှည်ကြီးဖြင့် ခန်းမထဲမှ ထွက်၍ မှောင်မိုက်နေသော ညကောင်းကင်ထဲသို့ ပျံသန်းသွားခဲ့လေသည်။

ချင်းရှုံ၏ ရှည်လျားသော ညည်းတွားသံကို ကြားသောအခါ ကလေးကလည်း ရုတ်တရက် လန့်နိုးလာခဲ့သည်။

ချုံမင်၏ တော်ဝင်ဝတ်ရုံမှ တစ်ဆင့် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ဒေါင်းအမွေးသည် မြေပြင်ပေါ်သို့ လဲကျ ခုန်ပေါက်ကာ "ဒိန်း၊ ဒင်း" ဟု အသံပြုလျက် လှေကားထစ်များ တစ်လျှောက် လှိမ့်ဆင်းသွားလေသည်။

ကလေးက သူ့လက်ကို လှည့်ကြည့်လိုက်တော့ ချုံမင်ရဲ့ တော်ဝင်ဝတ်ရုံကို ကိုင်ထားမိတာ တွေ့လိုက်ရသည်။ ပြန်မော့ကြည့်လိုက်တော့ ချုံမင်ရဲ့ မျက်လုံးတွေကို တွေ့လိုက်သည်။

ကလေး၏ မျက်နှာပေါ်သို့ မျက်ရည်တစ်စက် ကျလာခဲ့သည်။ ကလေးငယ်က စိတ်ရှုပ်ထွေးသွားပုံရပြီး လက်ကိုဆန့်ကာ ချုံမင်၏မျက်နှာကိုထိ၍ မျက်ရည်များကို သုတ်​ပေးလိုက်သည်။

"ဦးလေးကြီးက ဘယ်သူလဲ"

ကလေးငယ်က မဝံ့မရဲ​ဖြင့် မေးလေသည်။

ဟယ်ပေ၊ ယိုးကျိုးမျှော်စင်...။ အနီရောင် မေပယ်ရွက်များ ပျံဝဲနေသည့် တောင်တန်းများနှင့် အဆောက်အဦး တစ်ခုရှေ့တွင် အမျိုးသားငယ် တစ်ဦးနှင့် အမျိုးသမီးငယ် တစ်ဦးတို့ ရှိကာ လူငယ်လေးသည် စိမ်း​ပြာရောင် အင်္ကျီဝတ်ထားပြီး မိန်းမငယ်လေးလည်း ချော​​မောလှပပေ၏။ လက်ရန်းပေါ်တွင် မတ်တတ်ရပ်လျက် ကြီးကျယ် ခမ်းနားသော တောင်တန်းများနှင့် မြစ်များကို ငေးကြည့်နေသည်။

"ကောင်းကင်နဲ့မြေကြီးရဲ့ ခရီးရှည်ကြီးကို တွေးရင်း ဝမ်းနည်းမျက်ရည်ကျမိတယ်"

အင်္ကျီစိမ်း​​ပြာရောင် ဝတ်ထားသော လူငယ်လေးက ရွတ်ဆိုလိုက်၏။

"ပေါယွိက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ"

"ဘာလို့ရုတ်တရက် အရမ်း စိတ်လှုပ်ရှားနေတာလဲ"

မိန်းကလေးက သူ့နောက်မှာ ရပ်​​နေပြီး ပြောလာသည်။

"တိရန်ကျယ် သေဆုံးသွားတော့ ကမ္ဘာကြီးကလည်း တဖြည်းဖြည်းနဲ့ နတ်ဆိုးတွေရဲ့ နယ်မြေ ဖြစ်လာပြီလေ..."

"အရမ်း မလောပါနဲ့"

အစိမ်းရောင် ၀တ်စုံဝတ်ထားသော လူငယ်လေးက ဝင်ဆိုလာသည်။

"အရန်အစီအစဥ် အနေနဲ့ အဲဒီကောင်မှာ နောက်မျိုးဆက် ကျန်နေသေးလား မသိရသေးဘူး... နတ်ဆိုးကောင်အတွက် ဘယ်လို ပြင်ဆင်ထားလဲ"

လှပသော မိန်းကလေးက "ဒီတစ်ခါ အိမ်ရှင်ခန္ဓာကိုယ်က စေတနာရှိပြီး ပေါင်းစည်းမှုက အရမ်းကောင်းပေမယ့် စောင့်ထိန်းဖို့ အချိန်လိုပါသေးတယ်.... ဒီလိုပြောရရင် ခုန်ရွှမ်းကို သတ်ပြီး ဒုက္ခရောက်မှာကို မကြောက်ဘူးလား... ထိုက်ဟန်တောင်တန်း ပြန်လာ​​နေပြီ..."

"လာချင်ရင် အစောကတည်းက လာနေလောက်ပြီ"

စိမ်းပြာရောင် ဝတ်ရုံနဲ့ အမျိုးသားက ဆိုလေသည်။

"အရှေ့ဘက်မြစ် အနှစ်သုံးဆယ်နဲ့ ဟေးရှီရဲ့ အနောက်ဖက်မြစ် အနှစ်သုံးဆယ်.... ယောက်ကျင်းနန်းတော်ရဲ့ အထွတ်အထိပ်ကာလက ကြာခဲ့ပါပြီ... ချုံမင်က ​​မီးအဆိပ်နဲ့ ပိတ်မိနေတာ ဒီလိုမှမဟုတ်ရင် လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာလောက်ကတည်းက ပျောက်ကွယ်သွားခဲ့မှာ မဟုတ်ဘူး"

အဝေးက ပိုးထည်နဲ့ ဝါးသံကြားလိုက်တဲ့အခါ စိမ်းပြာရောင် အမျိုးသားက ချောမောလှပတဲ့ မိန်းကလေးဆီ ချဉ်းကပ်သွားပြီး သူမဆံပင်ကို ချော့မော့သည့်ဟန်ဖြင့် သပ်တင်ပေးရင်း သူ့အသွင်အပြင်ကို ကြည့်ပြီး တိုးတိုးလေး ပြော​လေသည်။

"သွားရအောင်... ရှင်ဘုရင်ကြီး စောင့်နေတုန်းပဲ"

ဆယ့်နှစ်နှစ် ကြာပြီးနောက်၊ ထိုက်ဟန်တောင်ထွတ်ရှိ ယောက်ကျင်းနန်းတော်တွင် နွေဦးနေရောင်သည် တောက်ပစွာ ထွန်းလင်းနေပြီး သဖန်းပင်များ၏ အရိပ်များသည် မြေပြင်ပေါ်သို့ ကြယ်​ရောင် အစက်အပြောက်များကဲ့သို့ ဖြတ်သွားကြသည်။

ထိုလူငယ်သည် အနီရောင် ချယ်လှယ်သော လက်ပြတ်အင်္ကျီတိုနှင့် ခါးတစ်ဝိုက်တွင် စိမ်းမြမြ ပုံစံများဖြင့် ၀တ်စုံကို ၀တ်ဆင်ထားပြီး လှပသော ကျောက်စိမ်းတစ်ပင်၏ အကိုင်းအခက်ပေါ်တွင် ထိုင်လျက် ရှိ၏။ သူ့လက်ထဲတွင် အဖြူ​ရောင်ဇလုံကို ပန်းဝတ်မှုန်များ ထည့်ကာ ရောစပ်နေလျက် ရှိသည်။ ရံဖန်ရံခါတွင် သူ၏ ထက်မြက်သော မျက်လုံးများက ပွင့်နေသော ပြတင်းပေါက်များနှင့် တံခါးများရှိသည့် ပင်မခန်းမထဲသို့ လှမ်းလှမ်းကြည့်​နေသည်။

ခန်းမဆောင်ကြီးထဲတွင် ပိတ်ပါးစ ကုလားကာများ လွင့်ပျံနေသည်။ ချုံမင်သည် နေရောင်ဖျော့ဖျော့ရှိသော တောင်တန်းများကို ဘေးတိုက်ကြည့်ကာ ပုလ္လင်ပေါ်တွင် မှီတစ်ဝက် ထိုင်တစ်ဝက် အနေအထားဖြင့် ထိုင်နေသည်။

"ဟုန်ကျွင့်!"

"ရှူး...."

ဟုန်ကျွင့်ဟုခေါ်သော ကောင်လေးက သစ်ပင်ပေါ်မှနေ၍ သူ့လက်ချောင်းကို မြှောက်ကာ နှုတ်ခမ်းပေါ်တင်ရင်း တိုးတိုးနေဖို့ အချက်ပြလိုက်သည်။

အော်ခေါ်လာသူကတော့ လက်နှစ်ဖက် ခြေနှစ်ဖက်နဲ့ ငါးကြင်းနတ်ဆိုးပါပဲ။ နတ်ဆိုးတစ်ကောင် ဆိုတဲ့အတိုင်း သူ့ခန္ဓာကိုယ်သည် နှစ်ပေနီးပါးရှည်သော ငါးကြင်းတစ်ကောင် ဖြစ်သည်။ လက်နှစ်ဖက်က ဆူးတောင်များ အနောက်မှ ထွက်လာကာ သစ်ပင်ပေါ် တွယ်တက်ပြီး အော်ပြောနေသည်။

"မြန်မြန်ဆင်းလာခဲ့"

ငါး​ကြင်းနတ်ဆိုးသည် ဤအချိန်တွင် ပါးစပ်ကို ဖွင့်ကာပိတ်ကာ လုပ်ရင်း ပူဖောင်းအနည်းငယ်ကို ထွေးထုတ်ကာ ၎င်း၏အမြီးကိုလည်း ဝှေ့ယမ်းနေသည်။

"မင်း မပျံတတ်သေးဘူးနော်.... မင်းပြုတ်ကျရင် ဘုရင်မင်းမြတ်က ရိုက်လိမ့်မယ်"

ဟုန်ကျွင့်သည် ဝတ်မှုန်တွေ ရောစပ်ပြီးတဲ့ နောက်မှာတော့ သူက သစ်ပင်အောက်ကို ကြည့်ကာ တိုးတိုး ပြောလိုက်သည်။

"အဖေက ဟိုမှာ တစ်နေကုန် ထိုင်နေတာ... ဘယ်သူ့ကိုမှလည်း မတွေ့ဘူး.... တစ်ယောက်ယောက် ဝင်သွားရင်တော့ သူ့ဒေါသတွေ ပျောက်သွားလိမ့်မယ်"

"သူက လူတစ်ယောက်ကို စောင့်နေတာ..."

ငါးကြင်းနတ်ဆိုးက ပြန်ပြောသည်။

"အရှင်မင်းမြတ် ဒီနေ့ စိတ်အခြေအနေ မကောင်းဘူး"

ဟုန်ကျွင့်က သူ့လက်ထဲမှ ဝတ်မှုန်ကို ဆက်လက်ရောစပ်ပြီး မေးလိုက်သည်။

"ဘယ်သူကို စောင့်နေတာလဲ?"

ငါးကြင်းနတ်ဆိုး တုံ့ဆိုင်းသွားစဥ် ဟုန်ကျွင့် သစ်ပင်ပေါ်မှ ခုန်ဆင်းကာ ပင်မခန်းမကို အမြန်လျှောက်သွားလေသည်။ လမ်းတစ်လျှောက်တွင် ယောက်ကျင်းနန်းတော်ရှိ လူငယ်များသည် ဟုန်ကျွင့်ကိုတွေ့သော် ဦးညွှတ်ပြီး "အရှင့်သား" ဟုဆိုရင်း ဂါဝရပြုကြရာ ဟုန်ကျွင့်ကလည်း ခေါင်း​ပြန် ညိတ်​ပြလိုက်သည်။

ခန်းမ အနောက်ဘက်သို့ ရောက်ရှိလာသော ဟုန်ကျွင့်သည် ချိတ်​ကောက်တစ်ခုကို လွှင့်တင်၍ ခန်းမ၏ ထိပ်ပေါ်သို့ ခုန်တက်သွားသည်။ သူသည် နန်းတော်ဘခေါင်မိုးပေါ်၌ ဒူးထောက် ထိုင်ချလိုက်ပြီး ချုံမင်ရှိရာ အမိုးမြင့်မြင့်ဆီသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ ထို့နောက် အုတ်ချပ်စဉ့်ကြွပ်များကို ညင်သာစွာဖွင့်ကာ ဆေးပန်းကန်လုံးကို လက်ထဲတွင်ကိုင်ကာ ညင်သာစွာ မှုတ်လိုက်သည်။

ဆေးဖက်ဝင် အမှုန့်များသည် ပန်းကန်လုံးထဲမှ အဖြူရောင် အလင်းရောင်အဖြစ် တောက်ပစွာ ပင်မခန်းမထဲသို့ ပျံလွင့်သွားသည်။ ငါးကြင်းနတ်ဆိုးသည် ဘေးတိုက်လှည့်၍ ပင်မခန်းမအပြင်ဘက် ခပ်လှမ်းလှမ်းမှ နေ၍ ကြည့်နေသည်။

ချုံမင်းသည် ပင်မခန်းမ အပြင်ဘက်ရှိ ထိုက်ဟန်တောင်တန်းများကို မျက်နှာမူကာ ပုလ္လင်ပေါ်တွင် လှဲတစ်ဝက် အိပ်နေရာမှ သူ့လည်ပင်းက တဖြည်းဖြည်း နီရဲလာသည်။ ဝတ်မှုန်များသည် ချုံမင်၏ အနီးတစ်ဝိုက်သိ့ နဂါးငွေ့တန်းများနှင် ပျံတက်သွားပြီး အနီရောင် အမှုန်အမွှားအဖြစ် တဖြည်းဖြည်း တွဲကျကာ နှင်းခဲများ ဖြစ်လာသည်။

ငါးကြင်းနတ်ဆိုး၏ ပါးစပ်သည် အနည်းငယ်ကျယ်သွား၏။

ချုံမင်သည် ပုံမှ်အတိုင်း အသက်ရှုရင်း ဝတ်မှုန်အချို့ကို ရုတ်တရက် စုပ်ယူလိုက်သည်။ စုပ်လိုက်သည်နှင့် ချုံမင် ရုတ်တရက် မျက်လုံးပွင့်လာကာ သူ့အမူအရာမှာလည်း အလွန်ထူးဆန်းလာသည်။

အောင်မြင်ပြီ။ ဟုန်ကျွင့်သည် သူ့ဘာသာသူ တွေးကာ ခန်းမကြီး​ပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် ငါးကြင်းနတ်ဆိုးနှင့်အတူ ချုံမင်ဘက်သို့ လှမ်းကြည့်နေလိုက်သည်။ ချုံမင် အလျင်အမြန် မတ်တပ်ထရပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူ့မျက်နှာက ဘယ်ညာရွှေ့ယမ်းကာ ခန်းမအပြင်ကို လှမ်းကြည့်လိုက်သည်။

"ဖေဖေ..."

ဟုန်ကျွင့် ဝမ်းသာအားရ ဟစ်အော်လိုက်သည်။ ချုံမင် ရုတ်တရက် ခေါင်းညိတ်ကာ တစ်ယောက်ယောက်ကို ခေါ်တော့မည့်အခိုက်။

"ဟား... ဟက်ချိုး!"

တောင်တွေ လှုပ်ခါပြီး ယောင်ကျင်း နန်းတော်ထဲမှာ အစောင့်အကြပ်တွေက ရုတ်တရက် ထိတ်လန့်တကြား အော်လိုက်ကြ၏။

"မြေငလျင် လှုပ်ပြီဟေ့!"

"ဟား... ဟက်ချိုး!"

ခန်းမဆောင်ကြီး၏ အဖြူရောင် ကျောက်စိမ်းတိုင်ထဲသို့ မီးလုံးတစ်ခု ပျက်ကျသွားသည်။ ဟုန်ကျွင့်လည်း အော်ဟစ်ကာ ငါးကြင်းနတ်ဆိုးကို ဆွဲခေါ်၍ အခန်းတွင်းသို့ ပျံတက်သွားပြီး ရေကန်ထဲတွင် ပုန်းနေခဲ့သည်။

"ဟက်ချိုး ဟက်ချိုး! ဟက်ချိုး!"

ချုံမင်သည် ၃ ကြိမ်ဆက်တိုက် နှာချေပြီးနောက် မီးလုံးက ပေါက်ကွဲသွားသည်။ တစ်ဆက်တည်း အမိုးပေါ်ရှိ သဖန်းပင်ကြီးကို လောင်ကျွမ်းသွားစေပြီး ယောက်ကျင်း နန်းတော်တစ်ခုလုံး မီးအိုင်ထဲသို့ ကျ​ရောက်သွား​တော့သည်။

"ရေသွားယူ! ကူညီ​ကြပါဦး!"

အင်္ဂတေရေကန်ထဲသို့ မီးလုံးတစ်ခု ပြုတ်ကျလာတာကြောင့် ငါးကြင်းနတ်ဆိုးလည်း ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ပူလိုက်တာ!"

ဟုန်ကျွင့်လည်း အချိန်​ပြည့်ပြီလို့ တွေးရင်း ငါးကြင်းနတ်ဆိုးကို ပွေ့ချီကာ ရေကန်ထဲက ပြေးတက်လာခဲ့သည်။ မီးလောင်နေတဲ့ သဖန်းပင်အောက်မှ အသည်းအသန်ပြေးရင်း ငါးကြင်းနတ်ဆိုးကိုလည်း နံရံပေါ် ပစ်ချလိုက်ပြီး ချုံမင်ဘက်ကို လှည့်ထွက်ပြေးသွားလေ၏။

"အဖေ!"

ဟုန်ကျွင့်သည် ခန်းမထဲသို့ ပြေးဝင်သွားသောအခါ ခန်းမက မီးလောင်ကျွမ်းနေပြီ။ ချုံမင်သည် သူ့ပါးစပ်နှင့် နှာခေါင်းကို အုပ်ပြီး ဟုန်ကျွင့်ဘက်ကို တစ်ချက် ကြည့်လိုက်သည်။

"ဖေဖေ...ကျွန်တော်က အ​ဖေ့အတွက် လုပ်ပေးချင်..."

ချုံမင် ချက်ချင်းပင် ခေါင်းကို လှည့်ကာ ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့ကြောင့် ကောင်းကင်တွင် ပြည့်လျှံနေသော မီးတောက်များက ပေါက်ကွဲသွားကာ ပင်မခန်းမကြီး တစ်ခုလုံး မီးအိုင်ထဲ၌ တောက်လောင်သွားခဲ့သည်။ ဟုန်ကျွင့်သည် နေရာပေါင်းစုံမှ မီးများဖြင့် ဝိုင်းရံခံထားရသော်လည်း ချုံမင်သည် သူ့ဆီသို့ လျင်မြန်စွာ ပြေးသွားပြီး ရုတ်တရက် သူ့ရှေ့မှလူကို ဆွဲထုတ်ကာ သူ့လက်နှစ်ဖက်ဖြင့် အကာအကွယ် ပေးထားလိုက်သည်။

ဖီးနစ်တစ်ကောင်သည် ကောင်းကင်၌ ဟောက်ပြီး သိပ်မကြာခင်မှာပဲ ချုံမင် သူ့နောက်ကျောမှာ အတောင်ငါးရောင်ကို ဖြန့်ချလိုက်ကာ ဟုန်ကျွင့်ကိုရော သူ့ကိုယ်သူပါ လိမ္မော်ရောင် အလင်းတန်းတွေနဲ့ ကာကွယ်ပေးထားလိုက်သည်။ ဖီးနစ်ရဲ့ အကာအကွယ် စွမ်းအင်အောက်မှာ မီးပင်လယ် ဖြစ်နေရင်တောင် ဒဏ်ရာကင်းစင်ခဲ့ပါ၏။ သူတို့၏ အဝတ်အစားများ လုံးလုံးလျားလျား မီးလောင်သွားပြီဖြစ်လို့ ၎င်းတို့၏ ကိုယ်လုံးတီး ကိုယ်ထည်များကို ပေါ်လွင်လာစေခဲ့သည်။

ဟုန်ကျွင့် ခေါင်းကို လှည့်၍ ကြည့်လိုက်ရာ ယောက်ကျင်း နန်းတော်၏ ပင်မခန်းမကြီးသည် မီးလုံးကြီးဖြင့် လောင်ကျွမ်းနေပြီး တောက်ပနေချေပြီ။

ငှက်များသည် အရပ်ရပ်မှ ပျံဝဲထွက်သွားသည်။ ထိုက်ဟန်းတောင်တန်းများမှ နှင်းများလည်း မြင့်ရာမှ အနိမ့်ပိုင်းသို့ နောက်ပြန် ရေတံခွန်နှယ် တောင်ထိပ်မှ တဟုန်ထိုး ပြေးဆင်းသွားသည်။ ယောက်ကျင်းနန်းတော်ကို လွှမ်းခြုံထားသေယ နှင်းမုန်တိုင်းသည် ချက်ချင်း မီးတောက်များကြား နစ်မြုပ်ကာ တစ်လုံးပြီး တစ်လုံး အရည်ပျော်သွားသည်။

တစ်နာရီအကြာတွင် ဟုန်ကျွင့်သည် မီးလောင်ထားသော အစွန်းအထင်းများဖြင့် စာသင်ခန်း၏ အပြင်ဘက်တွင် ရပ်နေခဲ့သည်။

"အိုး!"

အရှင်မင်းမြတ်က သူ့လက်ဖဝါးကို ရိုက်လာတာကြောင့် ဟုန်ကျွင့် နာကျင်စွာ အော်လိုက်သည်။

"ဘယ်နှစ်ခါရှိပြီလဲ!"

ချုံမင်သည် အဝတ်အစား ဝတ်ထားပြီ ဖြစ်ကာ သူ့လက်ထဲတွင်လည်း ပေတံကို ကိုင်ထားသည်။

"ကိုယ့်ဘာသာ ပြော!"

ဟုန်ကျွင့် တုံ့ဆိုင်းသွားပြန်ရာ ချုံမင်က သူ့ခြေထောက်ကို ပေတံနဲ့ ရိုက်ချလိုက်ရာ ဟုန်ကျွင့်ခမျာ နာကျင်စွာ အော်ရပြန်သည်။

"ကိုယ့်ကိုယ်ကို မီးရှို့သတ်ပစ်ချင်နေတာလား?"

ချုံမင်က ဒေါသတကြီးနဲ့ ကြိမ်းမောင်းနေသည်။

"ည​ရောက်တဲ့​ထိ ခြံရှေ့မှာ ရပ်နေ!! မဟုတ်ရင် မင်း ထမင်းစားခွင့် မရှိဘူး!"

ချုံမင်က သူ့ကို တတိယအကြိမ် ပြင်းထန်စွာ ရိုက်လိုက်တဲ့ အခါမှာတော့ မျက်ရည်တွေပါ ကျသွားတော့သည်။

"ထွက်သွားပြီး နံရံကို မျက်နှာမူလိုက်!"

ချုံမင် ဒေါသတကြီး ထပ်အော်လိုက်သည်။ ဟုန်ကျွင့်လည်း ခေါင်းငုံ့ပြီး နံရံကို မျက်နှာမူရန် ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။ ရွေးချယ်စရာ မရှိသော ငါးကြင်းသည်လည်း ၎င်း၏ အကြေးခွံများကို ကုတ်ကာ ဟုန်ကျွင့် အနားတွင် ငုတ်တုတ်ထိုင်လိုက်သည်။ သူက ခေါင်းကို လှည့်ကာ ခြံဝင်းအတွင်းရှိ အရည်ကျိုနေသော နှင်းရေကို သောက်သုံးရန် ရောက်ရှိသွားခဲ့သည်။

ချုံမင်သည် ဒေါသအလွန်ကြီးသဖြင့် အိမ်ထဲတွင် လဲလျောင်းနေချိန်၌ပင် ​ကြောက်စရာ ကောင်းလှသည်။ ဝီစီသံနှင့်အတူ ငှက်များသည် အရပ်ရပ်မှ ပျံသန်းကာ မီးလောင်နေသော သစ်ကိုင်းများ၊ အုတ်တိုက်များနှင့် အပျက်အစီးများဟာ ခန်းမကြီးထဲမှ နှင်းတွေနဲ့အတူ မျောပါသွားခဲ့သည်။

"သွားမရှုပ်ပါနဲ့လို့ ငါပြောခဲ့သားပဲ"

ငါးကြင်းနတ်ဆိုးက ပြောလေသည်။

"အခုလည်း ဘယ်နှခါရှိနေပြီလဲ... မင်းအဖေ ဒီနေ့ စိတ်အခြေအနေ မကောင်းပါဘူးတ်ု"

"သူ နှာချေလိမ့်မယ်လို့ ငါလည်း ဘယ်လိုလုပ် သိပါ့မလဲ... ဒီနှင်းကြာမှုန့်ကို ငါ့မှာရှာတွေ့ဖို့ သုံးနှစ်လောက် ကြိုးစားထားခဲ့ရတာ"

"အားလုံး ပြောကြပြီးသား.... မင်းအဖေရဲ့ မီးအဆိပ်က မပျောက်နိုင်ဘူး... မင်း သွားမနှောင့်ယှက်စမ်းပါနဲ့"

ငါးကြင်းနတ်ဆိုးက ဆိုလေသည်။

ဟုန်ကျွင့်လည်း စကားရပ်သွားသည်။ သူက နံရံရှေ့မှာ ခဏရပ်ပြီး ခြေတစ်ဖက်ကို ပြောင်းလိုက်သည်။ ပျင်းစရာကောင်းတယ်လို့ ခံစားလာရတဲ့အခါ အခြားခြေတစ်ဘက်ကို ပြောင်းသွားပြန်သည်။ ထို့နောက် ရှုခင်းပန်းချီနှင့်တူသော ဝင်းထရံပေါ်ရှိ မီးလောင်ပြာ အမှတ်အသားကို ကြည့်လိုက်သည်။ ဒီလိုနဲ့ ဟုန်ကျွင့်ဟာ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး တောင်ရဲ့ ကောက်ကြောင်းတွေအတိုင်း ချောမွေ့အောင် အကြိမ်အနည်းငယ် သုတ်လိုက်ပြီး မှင်တွေ ပက်ထားသလို ရေးဆွဲလိုက်ပေသည်။

"မင်းလက်တွေ ညစ်ပတ်နေရင် မင်းအဖေက မင်းကို ထပ်ပြီး ကြိမ်းမောင်းလိမ့်မယ်နော်"

ငါးကြင်းနတ်ဆိုးက သတိပေးသည်။ ဟုန်ကျွင့်က အမြန် ပြန်ဖြေလိုက်ပါ၏။

"ထမင်းမစားခင် လက်ဆေးပါ့မယ်"

နေ့ခင်းဘက် ပြီးဆုံးသွားတဲ့အထိ ခန်းမဆောင်ကြီးထဲမှာ မီးခိုးမည်းတွေ တောက်လောင်နေဆဲပင်။ မီးခိုးတွေကြောင့် ပတ်ဝန်းကျင်က နွေးနေတုန်း ဖြစ်လေရာ နေရာတိုင်းက နှင်းတွေ အရည်ပျော်ပြီး မြေပြင်က ရှုပ်ပွနေသည်။ ချုံမင်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး ငိုချင်သလို ခံစားလိုက်ရသည်။

ထိုစဥ် ငှက်တေးသံတစ်ချက် ထွက်ပေါ်လာပြီး ရွှေရောင် အလင်းတန်းများ ဖုံးလွှမ်းထားသည့် အနက်ရောင် ငှက်ကြီးတစ်ကောင်သည် ထိုက်ဟန်တောင်ထိပ်သို့ ပျံသန်းလာ၏။ ၎င်း ဆင်းသက်သောအခါ အစိမ်းရောင် ဝတ်ရုံနှင့် လူတစ်ယောက် အဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဘာလို့ဒီလို ပြောင်းလဲသွားတာလဲ"

ချင်းရှူံ အံ့အားသင့်သွားကာ မေးမြန်းဖို့အတွက် လူငယ် အစေခံလေးတစ်ယောက်ကို ခေါ်လိုက်သည်။

"ရန်သူ ရောက်လာတာလား"

အစေခံက မဖြေဝံ့ဘဲ အရှင်မင်းမြတ် ချုံမင်သည် ဘေးခန်းတွင် စောင့်နေကြောင်းသာ ပြောလိုက်ရာ ချင်းရှူံလည်း လှည့်ကာ ခြံဝင်းထဲသို့ ဝင်သွားလိုက်သည်။

"ချင်းရှူံ!"

ရွှင်မြူးသော အသံလေးတစ်သံ ထွက်ပေါ်လာသည်။ အဲဒီနောက် သူ့ရဲ့ ခြေလှမ်းအနည်းငယ်အတွင်း ဟုန်ကျွင့်က ရှေ့သို့ ပြေးထွက်လာကာ ချင်းရှူံရဲ့လည်ပင်းကို ပွေ့ဖက်ရင်း လူတစ်ကိုယ်လုံး သူ့နောက်သို့ လိုက်ပါသွားခဲ့​လေသည်။