ဖရဲသီးလေးက အနောက်ကနေ တစ်စုံတစ်ယောက်ရဲ့ မချီခြင်းကို ခံလိုက်ရပြီး သူ့ခြေထောက်လေးတွေကို လေထဲမှာ တဖျပ်ဖျပ်ခတ်နေသည်။ဖရဲသီးလေးက စကားလေးတွေ တတွတ်တွတ်ပြောနေရင်း အိပ်ဖို့ကို အချိန်ဆွဲကာ ရုန်းကန်ထွက်နေသည်။
ဒါပေမယ့် သူက အညှာအတာကင်းမဲ့စွာနဲ့ပဲ အချုပ်ခံထားရသည်။
တန်တန်က ပေါ်ယွီ့ဘေးပတ်ပတ်လည်မှာ ပြေးလွှားနေပြီး သူ့ရဲ့သူငယ်ချင်းလေးကို ကယ်တင်ဖို့ ကြိုးစားနေသည်။ဒါပေမယ့် တန်တန်ဟာ သူ့ရဲ့တင်ပါးလေးကို အကန်ခံလိုက်ရပြီး မပျော်ရွှင်တဲ့ မျက်နှာအမူအရာလေးနဲ့အတူ တံခါးအပြင်ဘက်ကနေ လော့ချခံလိုက်ရသည်။
ပေါ်ယွီက ဖရဲသီးလေးရဲ့အိပ်ခန်းတံခါးကို ပိတ်ချလိုက်ပြီး ဖရဲသီးလေးကို အိပ်ရာပေါ် တင်ပေးကာ ပြောလိုက်သည်။ " မင်း အိပ်တာကို ကူညီပေးဖို့ ရွေးချယ်စရာ နှစ်နည်းရှိတယ် ။ ပုံပြင်နားထောင်မလား မဟုတ်ရင် တင်ပါးကို လက်ဝါးနဲ့ ရိုက်ရမလား ? "
ဖရဲသီးလေးက သူ့လက်လေးတွေကို ဆန့်ထုတ်ကာ စောင်ကို ဆွဲယူလိုက်ပြီး မျက်နှာချိုသွေးတဲ့ အပြုံးလေးနဲ့ ပြောလိုက်သည်။
" ပုံပြင်နားထောင်မယ် "
ပေါ်ယွီက သူ့ဖုန်းကို ထုတ်ပြီး အိပ်ရာ၀င်နတ်သမီးပုံပြင် တစ်ပုဒ်ကို ရှာကြည့်လိုက်သည်။အဲဒီနောက် သူ နှစ်ချက်လောက် ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်သည်။ " တစ်ခါတုန်းက ဖားတစ်ကောင်ရှိတယ်တဲ့ ။ အဲဒီဖားက နှစ်လိုဖွယ်ရာ မင်းသားလေးတစ်ပါးနဲ့ ချစ်မိသွားကြပြီး သူက နေ့တိုင်း မင်းသားလေးနဲ့ ဘယ်လို လက်ထပ်ရမလဲဆိုတာကို စဉ်းစားရင်း အိပ်ရေးပျက်နေရတယ်တဲ့ ... "
ဖရဲသီးလေး ; " ........ "
ပေါ်ယွီ ပုံပြင်တစ်၀က်လောက်ထိ ပြောပြပြီးတဲ့အချိန်မှာ ဖရဲသီးလေးက အိပ်ပျော်သွားပြီဖြစ်သည်။ပုံပြင်ဖတ်ပြချင်နေတုန်းပဲဖြစ်တဲ့ ပေါ်ယွီက သူ့ဖုန်းကို ယူပြီး အခန်းထဲကနေ ခြေဖျားထောက်ကာ ထွက်သွားလိုက်တော့သည်။ဒါပေမယ့် သူ တံခါးအပြင်ဘက်ကို ရောက်တဲ့အခါ ဖုန်းက ရုတ်တရက် အသံမြည်လာခဲ့သည်။
ပေါ်ယွီ video call ကို ဖြေလိုက်ပြီး မော့အန်းယွီရဲ့ချောမောခန့်ညားတဲ့ မျက်နှာက ပေါ်ယွီကို ပြုံးပြနေသည်။မော့အန်းယွီက ပေါ်ယွီကို နှုတ်ဆက်လိုက်သည်။ " ကော , အခုတလော ဘာတွေလုပ်နေလဲ ? "
" မင်း နိုင်ငံခြားကနေ ပြန်ရောက်လာပြီလား ??? " ပေါ်ယွီ အိပ်ရာပေါ်မှာ လှဲလိုက်သည်။
မော့အန်းယွီရဲ့မျက်နှာပေါ်မှာရှိတဲ့ သူ့အပြုံးက နက်ရှိုင်းလာလေသည်။ " ကျွန်တော် ကြားတာတော့ ကောက ရှေးခေတ်ရှန်းရှ တီဗွီဇာတ်လမ်းတွဲအသစ်တစ်ခုမှာ သရုပ်ဆောင်ဖို့ အရွေးခံလိုက်ရတယ်ဆို "
" အင်း ၊ အခုက ဆောင်းရာသီဖြစ်နေတာ ကံကောင်းတာပဲ ။ နွေရာသီမှာသာ အဲဒီရှေးခေတ်၀တ်စုံကြီးတွေ ၀တ်ရရင် အရမ်း စိတ်ညစ်စရာကောင်းတယ် " ပေါ်ယွီ ပြုံးလိုက်ပြီး မော့အန်းယွီဆီ သူ အဲဒီကိစ္စကို ဘယ်လိုသိသွားတာလဲဆိုတာ မမေးခဲ့ပေ။
ပေါ်ယွီတောင်မှ
ပေါ်ယွီမှာ ရွေးချယ်စရာမရှိဘဲ သူ ဘာကိုမှ သတိမထားမိချင်ယောင်သာဆောင်လိုက်ရတော့သည်။
ကြည့်ရတာ မော့အန်းယွီက ပေါ်ယွီရဲ့ပုံမှန်မဟုတ်တဲ့ မျက်နှာအမူအရာကို ရှာတွေ့ပုံမရချေ။မော့အန်းယွီ စကားဆက်ပြောလိုက်သည်။ " အဲဒီရှန်းရှ တီဗွီဇာတ်လမ်းတွဲက outdoor scene တွေ အများကြီးရိုက်ရမှာလေ ။ ပြီးတော့ ဒါရိုက်တာကလည်း အဲဒီ scene တွေနဲ့ ပတ်သတ်ပြီး အရမ်းအလေးထားနေတာ ။ အဲဒါကြောင့် ကော ဇာတ်လမ်းတွဲ သွားရိုက်တဲ့အခါကျရင် ဖရဲသီးလေးကို ဘယ်လိုလုပ်မယ်လို့ စီစဉ်ထားလဲဟင် ? "
" ငါ မသိဘူး " ပေါ်ယွီ ခဏလောက် တိတ်ဆိတ်သွားပြီး ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
ကော်ရစ်ဒါမှာ ဆေးလိပ်သောက်တဲ့အချိန်တုန်းက သူ စုန့်ရှီလင်ဆီ ဖရဲသီးလေးကို ဂရုစိုက်ထားပေးဖို့ မေးကြည့်ချင်ခဲ့သည်။ဒါပေမယ့် သူ မလုပ်ခဲ့ပေ။
" ကော , ကျွန်တော်ကို သူငယ်ချင်းတစ်ယောက်လို သဘောထားရင် ဖရဲသီးလေးကို ကျွန်တော့်ဆီ ပို့လိုက်ပါ " မော့အန်းယွီ ပြောလိုက်သည်။
ပေါ်ယွီက ရုတ်တရက် အံ့အားသင့်သွားတဲ့ မျက်နှာအမူအရာနဲ့အတူ ဖုန်းပေါ်မှာရှိတဲ့ မော့အန်းယွီကို ကြည့်လိုက်သည်။
မော့အန်းယွီက ဘာလို့ အရမ်းကြင်နာတတ်နေရတာလဲ ?
" ကျွန်တော် အင်တာဗျူး နည်းနည်းပါးပါး ဖြေစရာကလွဲရင် နောက်လ၀က်လောက်က လုပ်စရာမရှိတော့ဘူး ။ ကျွန်တော် အိမ်မှာ နားနေလို့ရတယ် " မော့အန်းယွီက အကြောင်းပြချက်တစ်ခုကို ရေးဆွဲကာ ပေါ်ယွီကို ပြောလိုက်သည်။ " ကျွန်တော် ဖရဲသီးလေးကို တကယ်သဘောကျတယ် ။ ကော တကယ်လို့ ဖရဲသီးလေးကို စိတ်ပူနေတုန်းပဲဆိုရင် ကျွန်တော် ကောဆီကို နာရီခြား video call ခေါ်ပေးနေမယ်လေ "
ပေါ်ယွီ အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူကာ ပြောလိုက်သည်။ " ငါ နားမလည်ဘူး "
သူ မော့အန်းယွီနဲ့ သိခဲ့တာ လွန်ခဲ့တဲ့တစ်လကျော်ကျော်လောက်ကပဲဖြစ်သည်။သူတို့နှစ်ယောက်က ကောင်းကောင်း ပလဲနံပသင့်ကြတယ်ဆိုပေမယ့် သူတို့က အရမ်းကောင်းတဲ့ သူငယ်ချင်းတွေမဟုတ်ချေ။
မော့အန်းယွီ ပြုံးလိုက်သည်။ " ကျွန်တော်က ကိုယ့်ဘာသာကိုယ် တီဗွီဇာတ်လမ်းတွဲတစ်ခုလောက် ရိုက်ချင်နေတာ ။ ကောကို ကျွန်တော်တို့နဲ့ ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်နော် "
" ပြီးတော့ ဖရဲသီးလေးက နေ့ခင်းဘက်တွေဆို ကျောင်းသွားနေတာပဲဟာ ။ ကျွန်တော်က သူ့ကို ညကျရင် အိပ်ရာထဲခေါ်ဖို့ပဲ တာ၀န်ယူပေးရမှာ ။ အဲဒါကလည်း ကိစ္စကြီးမှ မဟုတ်တာကို " မော့အန်းယွီက နူးညံ့ညင်သာစွာ ဆိုလိုက်သည်။ " ကော , ကျွန်တော်နဲ့အတူ အလုပ်လုပ်ဖို့ ဘယ်လိုလဲဟင် ? "
ပေါ်ယွီအတွက်ကတော့ မော့အန်းယွီ သူ စကားကောင်းကောင်းလေးတွေ ဘယ်လိုပဲပြောပြော အကြောင်းမထူးပေ။ပေါ်ယွီက သူ့ရဲ့ကိုယ်ပိုင် ကာကွယ်မှုကို ဖြေလျော့ပေးမှာ မဟုတ်ချေ။ဒါကြောင့် မော့အန်းယွီက ဒီနည်းလမ်းကို ရွေးချယ်လိုက်သည် ______ ထိုးစစ်ကို ဆုတ်ခွာပြီး စားပွဲပေါ်မှာရှိတဲ့ သူ့ရဲ့ပစ်မှတ်ကို တိုက်ရိုက်ချိန်ရွယ်လိုက်တာပဲ။
လုံလောက်ပြီ ။ ပေါ်ယွီရဲ့မျက်နှာအမူအရာက ပြေလျော့လာပြီး ချီတုံချတုံဖြစ်သွားကာ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး စဉ်းစားနေသည်။
" ကော ကျွန်တော့်ကို ယုံကြည်ပေးဖို့ မျှော်လင့်ပါတယ် ။ ကျွန်တော်က သူငယ်ချင်းကို သစ္စာဖောက်တတ်တဲ့ အဲလိုလူမျိုး မဟုတ်ပါဘူး " မော့အန်းယွီက ရယ်မောကာ ပေါ်ယွီရဲ့နောက်ဆုံး ကြိုတင်ကာကွယ်ခြင်းကို ပပျောက်စေလိုက်သည်။ " ကော ကျွန်တော် ဒီမှာ ဖြေရှင်းစရာကိစ္စလေးတွေရှိသေးလို့ ကော ဆုံးဖြတ်ပြီးရင် ကျွန်တော့်ကို ဖုန်းခေါ်ဖို့ မမေ့နဲ့နော် " ပြီးတာနဲ့ မော့အန်းယွီက ဖုန်းချသွားလေသည်။
ပေါ်ယွီလည်း တိတ်တဆိတ်နဲ့ video call ကို ချလိုက်သည်။
ဖုန်းချပြီးတဲ့နောက် မော့အန်းယွီဟာ ပေါ်ယွီနဲ့ စကားပြောခဲ့တဲ့ video recording ကို ပြန်ကြည့်နေသည်။သူ့ရဲ့လက်က ဖန်သားပြင်ကို ဖြတ်သန်းကာ ပေါ်ယွီကို တကယ်ထိတွေ့နိုင်သလိုမျိုး ___ မော့အန်းယွီဟာ ချစ်ခင်နှစ်သက်တဲ့မျက်နှာအမူအရာနဲ့အတူ ဖန်သားပြင်ကို ပွတ်သပ်နေသည်။
ကျွန်တော်က ကောအတွက် အခက်အခဲဖြစ်စေတဲ့အရာတွေကို ဘယ်လို သည်းခံနိုင်ပါ့မလဲ ???
.
.
.
.
.
.
ကိုယ်ကလေ ဒီ novel ကို tran ဖို့အတွက် website သုံးခုက eng tran သုံးမျိုးကို ဖတ်ရတာပါ ။ အဲဒါကြောင့် eng tran တစ်မျိုးတည်းကို ဖတ်ထားတဲ့သူတွေအတွက်ကတော့ အနည်းငယ် ကွဲလွဲနိုင်ပါလိမ့်မယ်နော်။
စကားမစပ် ကိုယ် tran တာကို သဘောကျတယ်ပြောကြလို့ အတိုင်းထက်အလွန်၀မ်းသာမိပါတယ် 🤩🤩🤩
Please vote and comment ! 👏👏👏