Chereads / ကစားပွဲကမ္ဘာ / Chapter 2 - အခန်း (၂) ဝေမျှခြင်း

Chapter 2 - အခန်း (၂) ဝေမျှခြင်း

The World Online

ကစားပွဲ ကမ္ဘာ

Author - Sheng Xiao Jian Ke

Translator - တာအိုလုလင်

အခန်း (၂) ဝေမျှခြင်း

Note : မူရင်းရေးသူရေးထားတာပါ။

အခုခေတ်ကနေ နှစ်ပေါင်း ၂၀၀ လောက်အကြာမှာ နည်းပညာတိုးတက်လာမှုကြောင့် လူတွေက ဖုန်းတွေ၊ လပ်တော့တွေအစား တစ်ကိုယ်ရည်သုံး ကွန်ပျူတာ အသေးစားတွေပဲ သုံးကြပါတယ်။ အဲ့ဒီကွန်ပျူတာကို "Handbrain" လို့ နာမည်ပေးထားပါတယ်။

(TL note : Handbrain ဆိုတော့ လက်ဦးနှောက် လို့ခေါ်ရမလို ဖြစ်နေပြီ။ ကျွန်တော်ကတော့ "နတ်ဦးနှောက်" လို့ပဲ ဘာသာပြန်ပါ့မယ်)

KFC ဆိုင်ကတော့ ရာစုနှစ် ၂ ခု ကြာတာတောင် ရှိနေတုန်းပါပဲ။

*****************************************

အိုးရန်ရှို ထ လိုက်တာနဲ့ သူ့အိပ်ယာ ဟာ အခန်းထဲက နံရံထဲ ဝင်ပြီး ပျောက်သွားပါတယ်။

သူနေနေရတာက မြင့်မားတဲ့ နည်းပညာခေတ်မှာပါ။

အရာရာတိုင်းဟာ ခေတ်မှီဆန်းသစ်စွာ နဲ့ အားလုံးကို သိမ်းထားလို့ရပါတယ်။

ဒီအိမ်က သူ့မိဘ တွေ ချန်ထားပေးခဲ့တဲ့ တန်ဖိုးကြီးအိမ်တစ်လုံးပါ။

သူ ဧည့်ခန်းထဲကို ရောက်တော့ သူ့ညီမလေး အိုးရန်ပင်းအာ က ဆိုဖာပေါ်မှာ စောင့်နေပြီး သနားစရာရုပ်လေးနဲ့ သူ့ကိုကြည့်နေပါတယ်။

ပင်းအာ က ဒီနှစ်မှ ၈ နှစ်ပဲ ရှိပါသေးတယ်။

ပန်းရောင်ဝတ်စုံလေးနဲ့ သူမရဲ့ ပါးဖောင်းဖောင်းလေးတွေက ဆွဲညှစ်ချင်စရာလေး။

သူမက ဦးထုပ်ဆောင်းထားသလို အနက်ရောင် အပေါ်အင်္ကျီ နဲ့ ဘောင်းဘီတိုလေး ဝတ်ထားပါသေးတယ်။

သူမရဲ့ ခြေထောက်သေးသေးလေးမှာတော့ အနီ​ရောင်ဖိနပ်လေးနဲ့။

ချစ်စရာကောင်းလွန်းတဲ့ သူမကိုကြည့်ရင်း သူ့နှလုံးသားလေး အရည်ပျော်သွားရတယ်။

"အစ်ကိုကြီးက အမြဲတမ်း အပျင်းထူလိုက်တာ....

ပင်းအာ ထက် ထတာ နောက်ကျတယ်....မရှက်ဘူးလား.…"

ကလေးမ က သူ့ကို ပြောပြီး ထရပ်လိုက်တယ်။

သူမရဲ့ မျက်လုံးဝိုင်းဝိုင်းလေး နဲ့ အကြည့်ကို မြင်လိုက်ရရင် အရမ်းချစ်စရာကောင်းကြောင်း လူတိုင်းပြောပါလိမ့်မယ်။

မောင်နှမ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို ချစ်ကြပါတယ်။

ဒါကြောင့် သူမ မျက်လုံးကို ကြည့်လိုက်တာနဲ့ သူမတွေးနေတာကို အိုးရန်ရှို သိလိုက်ပါပြီ။

ဒီနေ့က အလုပ်ပိတ်ရက် ဆိုတော့ သူ အလုပ်သွားစရာမလိုဘူး။

ပင်းအာကို ကစားကွင်း လိုက်ပို့ပေးမယ်လို့ မနေ့က သူပြောထားခဲ့တာ။

ဒါကြောင့်ပဲ နေ့တိုင်း သူနှိုးနေရတဲ့ ငပျင်းမလေးက သူ့ထက် အရင် နိုးနေတာပဲ။

အံမယ်.....မျက်နှာမှာ မိတ်ကပ်တွေတောင် လိမ်းထားလိုက်သေးတယ်။

အိုးရန်ရှို သူမကို မ စ တော့ဘဲ ဆိုဖာပေါ် သွားထိုင်လိုက်တယ်။

ထို့နောက်…ကလေးမလေးကို ပွေ့ချီပြီး သူ့ပေါင်ပေါ် တင်လိုက်တယ်။

သူမ နဖူးလေးကို သူ့မေးစေ့နဲ့ ပွတ်လိုက်တဲ့အခါ မုတ်ဆိတ်မွှေးတွေက ကလိထိုးသလို ဖြစ်ပြီး ပင်းအာစီက တခစ်ခစ် ရယ်သံတွေ ထွက်လာပါတယ်။

"အစ်ကို လူဆိုးကြီး..….ပင်းအာ ကို အနိုင်ကျင့်တယ်"

ပင်းအာလေးက ရယ်ရင်း ပြောလိုက်တယ်။

"ဟုတ်ပါပြီ.....ဒီနေ့ရဲ့ မင်းသမီးချောလေးက ဝတ်စုံလှလှလေး ဝတ်ထားပြီးပြီ.....

အစ်ကိုတို့ မနက်စာ အရင်သွားစားကြမယ်.....

ပြီးရင် ညီမလေးကို ကစားကွင်းလိုက်ပို့ပေးမယ်..…

ဟုတ်ပြီလား..."

သူမ အစ်ကိုစီကနေ ပြောထားတာ မမေ့တဲ့စကား ကြားရတော့ ကလေးမလေး ပြုံးလိုက်ပြီး မျက်စောင်းထိုးက သူ့အစ်ကိုရဲ့ ပါးကို နမ်းလိုက်ပါတယ်။

ကောင်းမွန်တဲ့ အချိန်တွေက အမြဲတမ်း အကုန်မြန်နေခဲ့တယ်။

သူဟာ ကလေးကစားကွင်းမှာ သူမနဲ့အတူ တစ်နေကုန် အချိန်ကုန်စေခဲ့တယ်။

ပြီးနောက် KFC ဆိုင်ကို သွားပြီး ကြက်ကြော်ပုံးလိုက် ဝယ်ကျွေးခဲ့တယ်။

ညရောက်တော့ ပင်းအာလေး အပျော်လွန်ပြီး စိတ်လှုပ်ရှားနေတာ အိပ်တောင်မပျော်တော့ဘူး။

အိုးရန်ရှို ကနေ တတိယမြောက် နတ်သမီးပုံပြင်ထိ ဖတ်ပြပြီးတဲ့အခါမှာတော့ သူမ အိပ်သွားပါပြီ။

တိတ်ဆိတ်နေတဲ့ ညခင်းက အိုးရန်ရှို အတွက်တော့ အတိတ်ကို ပြန်တွေးပြီး အနာဂါတ်ကို ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ စဉ်းစားရမယ့် အချိန်ကောင်းပါပဲ။

သူက အလုပ်ထွက်ရတော့မှာပါ။

ဒါပေမယ့်လည်း ဒီအလုပ်က ၆ လလောက်ပဲ လုပ်ရသေးတာ ဆိုတော့ သိပ်ပြီး ခံစားစရာမရှိပါဘူး။

သူ့မှာ တန်ဖိုးအရှိဆုံး အရာကတော့ ဒီအိမ်လေးပါပဲ။

သူ့မိဘတွေ ထားခဲ့ပေးတဲ့ ဘဏ်စာရင်းကလည်း သူတက္ကသိုလ်တက်တော့ သုံးလိုက်ရတာ ကုန်ခါနီးနေပါပြီ။

ဒါကြောင့်ပဲ သူဘွဲ့ရပြီးတာနဲ့ အလုပ်မြန်မြန် ရှာလိုက်ရတာပါ။

ဒါပေမယ့်လည်း စက်မှုလုပ်ငန်းနဲ့ နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ၉၀ % သော အလုပ်တွေက စက်တွေနဲ့ အစားထိုးလုပ်နေကြပါပြီ။

ဒါကြောင့် ဒီနေ့ကမ္ဘာကြီးမှာ အလုပ်လက်မဲ့ တွေနဲ့ အလုပ်ရှာမရတဲ့ လူတွေ အများကြီးရှိနေပါတယ်။

လူတိုင်းရဲ့ ဘဝလုံခြုံရေးနဲ့ လူနေမှုကောင်းအောင် ပြည့်စုံတဲ့ လူနေမှုစနစ်တစ်ခု ရအောင် အစိုးရက အားစိုက်နေတယ် ပြောတာပဲ။

လက်ရှိမှာတော့ ကောင်းကင်ကွန်ရက် အဖွဲ့ကနေ လူတိုင်း နေရာတိုင်းကို CCTV တွေနဲ့ စောင့်ကြည့်ပေးထားပါတယ်။

ဒီအဖွဲ့ဟာ လူတန်းစားအားလုံးအပေါ် လွှမ်းမိုးထားတာကြောင့် ကောင်းကင်မျက်လုံးအဖွဲ့ရဲ့ မျက်လုံးအောက်မှာ ရာဇဝတ်မှုတွေ လျော့နည်းလာပါတယ်။

ဒီဆေးခါးကြီးက (ကောင်းကင်ကွန်ရက် အဖွဲ့ကို ပြောတာပါ) လူမှုအဖွဲ့အစည်းကို နှစ်ဆင့်ခွဲထားတယ်။

လူချမ်းသာတွေနဲ့ နိုင်ငံရေးဆက်နွယ်သူတွေ (အကျိုးတူ ပူးပေါင်းထားသော အဖွဲ့အစည်းနှင့် ရာထူးကြီးကြီး ရှိသူတို့၏ မိသားစုဝင်များ) ရယ်၊

အခြားသူများရယ် ဆိုပြီး ခွဲထားတာ။

တစ်ဆက်တည်းမှာပဲ လူသားတွေရဲ့ ပုံမှန်သက်တမ်းဟာ မြင့်တက်လာခဲ့တယ်။

လူငယ်မိသားစုတွေဟာ ကလေးမယူကြတော့ဘဲ မိဘဖြစ်လာရင် ကုန်ကျမယ့် စရိတ်တွေကို လျှော့လာကြတယ်။

ရလာဒ်အနေနဲ့ကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ကထက် ကမ္ဘာ့လူဦးရေ တိုးတက်နှုန်း နည်းလာခဲ့တယ်။

ကမ္ဘာ့လူဦးရေဟာ သန်း ၁၀၀၀ အောက်ကို လျော့ကျသွားခဲ့ပြီး ၄၀% သာ သက်ကြီးရွယ်အိုတွေ ရှိတော့တယ်။

လူဦးရေထူထပ်တဲ့ တရုတ်တောင်မှ လူဦးရေ လျော့နည်းသွားတယ်။

လက်ရှိ အိုးရန်ရှို အတွက် "ကစားပွဲကမ္ဘာ" ကစားဖို့ လိုအပ်တဲ့ ဂိမ်းသေတ္တာဝယ်ရန် ငွေမလောက်ပါ။

ဒါပေမယ့်လည်း ပြန်လည်မွေးဖွားလာတာကြောင့် ဘာဆက်ဖြစ်မလဲဆိုတာ သူသိနေပါတယ်။

ဂြိုလ်တွေကြားက ပြောင်းရွှေ့မှု စတင်ပြီး တစ်နှစ်အတွင်းမှာ အမွေအနှစ်တွေ၊ အိမ်ရာတွေဆိုတာ လှပတာကလွဲရင် တန်ဖိုးမရှိတော့ပါဘူး။

ဒါ​ကြောင့် ...လက်ရှိ သူနေနေတဲ့ အိမ်ကိုရောင်းပြီး အိမ်ငှားနေဖို့ အစီအစဉ်ဆွဲလိုက်ပါတယ်။

တွေးပြီးတာနဲ့ သူ့ရဲ့ နတ်ဦးနှောက် ကို ဖွင့်လိုက်ပါတယ်။

ဒါက ဒီကမ္ဘာပေါ်မှာ လူတိုင်းသုံးနေတဲ့ တစ်ကိုယ်ရည်သုံး ကွန်ပျူတာ လေးပါ။

သူက အိမ်ခြံမြေ ရောင်းဝယ်ရေးဆိုဒ်ထဲ တန်းသွားလိုက်ပြီး အရောင်းစာမျက်ထဲ ဝင်လိုက်ပါတယ်။

သူ့အိမ်ကို လက်ရှိပေါက်စျေးထက် ၁၀% လျှော့ရောင်းလိုက်တဲ့ အချိန်မှာတော့ အိမ်ခြံမြေ ရောင်းဝယ်ရေးဗဟိုဌာန က ချက်ချင်း ဝယ်သွားပါတယ်။

ဒီလိုသတင်းအချက်အလက် တွေက အချိန်ကုန်သက်သာစေပါတယ်။

အိုးရန်ရှို တစ်ယောက် အိမ်ပေါ်ကနေ ချက်ချင်းဆင်းစရာတော့ မလိုသေးပါဘူး။

သူက အစိုးရရုံးကို သွားလိုက်တယ်။

သူ့နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေအားလုံးက ကောင်းကင်ကွန်ရက် အဖွဲ့မှာ သိမ်းထားပါတယ်။

ဒါကို လွှဲပြောင်းဖို့ သူ့ရဲ့ နတ်ဦးနှောက် မှာ သူ့လက်ဗွေနဲ့ မျက်လုံးကို လေဆာဖတ်ပြီး ဖွင့်ရပါမယ်။

လွှဲပြောင်းမှုက တစ်နာခွဲလောက်အကြာမှာ ပြီးသွားခဲ့တယ်။

အကုန်လုံးပြီးတော့ အိုးရန်ရှိုရဲ့ အကောင့်ထဲ ငွေ နှစ်သန်းကျော် ရောက်သွားပါပြီ။

အဲ့ဒီနောက်တော့ အိုးရန်ရှို က အိမ်ငှားဝဘ်ဆိုဒ်ထဲ ဝင်ရှာလိုက်တယ်။

ပင်းအာ က မူလတန်း တက်နေတုန်း ဆိုတော့ ကျောင်းနဲ့ ဝေးတဲ့ နေရာ ငှါးလို့ မဖြစ်သလို၊

ဒီခရိုင်နဲ့ ဝေးရင်လည်း အလုပ်သွားရတာ ခက်ခဲဦးမယ်။

ဒါကြောင့် သူနေချင်တဲ့ နေရာအချက်အလက်ကို ရိုက်ထည့်လိုက်ပြီး လိုင်းကနေပဲ အလိုအလျောက် ရှာခိုင်းလိုက်တယ်။

ဆိုဒ်ကနေ ရှာလိုက်တာ ရှင်းယွမ် ရပ်ကွက်မှာ ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်း ၃ ခန်း ပါတဲ့ အိမ်ကို တစ်လ ၃၀၀၀ နဲ့ ငှါးဖို့ တင်ထားတာ တွေ့သွားတယ်။

ပင်းအာ တက်နေတဲ့ ကျောင်းကလည်း ရှင်းယွမ် ရပ်ကွက် ထဲမှာ ဆိုတော့ ကျောင်းနဲ့ နီးသွားပြီ။

ဒါပေမယ့် အိမ်က စပ်တူငှါးနေရမှာ။

ပို့စ်တင်ထားတဲ့သူက အိမ်ရှင်မဟုတ်ဘဲ အိမ်ငှားဆိုတော့ အိုးရန်ရှို ချီတုံချတုံ ဖြစ်နေတယ်။

ဘာပဲဖြစ်ဖြစ် စုံစမ်းကြည့်တာ မမှားပါဘူးဆိုပြီး အိုးရန်ရှို ဗီဒီယိုကောလ် ခေါ်လိုက်တယ်။

ချက်ချင်းပဲ အိုးရန်ရှို ရဲ့ဖုန်းမှာ လှပတဲ့ ဘဲဥပုံမျက်နှာ၊ မိုးမခကိုင်းလို မျက်ခုံးနဲ့ အသက် ၂၀ လောက်ရှိမယ့် ကောင်မလေးတစ်ယောက်ပုံ ပေါ်လာတယ်။

သူမက အခုမှ ရေချိုးခန်းထဲက ထွက်လာတာနဲ့ တူတယ်။

ကြောင်လေးလို ညအိပ်ဝတ်စုံ ပန်းရောင်လေးနဲ့ ရေစိုနေတဲ့ ဆံကေသာလေးတွေကို ပေါင်းစပ်လိုက်တဲ့အခါ၊

ဘယ်လို ပြောရမလဲ.....အရမ်းရမ်းကို လှနေတယ်ပေါ့နော်။ 😍😍😍

အိုးရန်ရှို နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားတယ်။

ပြီးတော့ ယောကျ်ား နဲ့ မိန်းမ တစ်အိမ်ထဲမှာ အတူနေတာက တီဗီဇာတ်လမ်းထဲမှာဆိုရင် အချစ်ဇာတ်လမ်းကောင်းပါပဲ။

လက်တွေ့ဘဝမှာတော့ သိပ်မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် တစ်ဖက်မိန်းကလေးက သူ့ကို ချက်ချင်း စကားပြောလာပါတယ်

" ဟယ်လို..…ဘယ်သူပါလဲရှင့်....ကျွန်မစီဆက်တာ ဘာကိစ္စများ ရှိလို့ပါလဲ"

သူမကတော့ မေးနေပါပြီ။

"ဟယ်လို...ကျွန်တော်က အိမ်ငှါးဝက်ဆိုဒ်မှာ တွေ့လို့ မင်းစီ ဆက်လိုက်တာပါ.....

ငှါးမယ့်အိမ်က ကျွန်တော် လိုအပ်တဲ့ အချက်တွေနဲ့ ကိုက်နေလို့ပါ....

မင်းက မိန်းကလေး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး....

အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ....."

အိုးရန်ရှို မျှော်လင့်ချက်မဲ့ သလိုဖြစ်သွားပြီး ဖုန်းချဖို့ ပြင်လိုက်ပါတယ်။

"အိုး...."

သူမက အံ့အားသင့်သွားပုံပါပဲ။

" ကျွန်မမှာ အခန်း ၂ ခန်း ငှါးဖို့ရှိတာ....

ဒါပေမယ့် ရှင်တစ်ယောက်တည်း ဆိုရင်တော့ နည်းနည်း အဆင်မပြေဘူးရယ်....."

သူမက တိုက်ရိုက် မငြင်းလိုက်ပါဘူး။

အဲ့ဒီအစား အချက်ပြ မေးခွန်းလေးပဲ မေးလိုက်တာပါ။

"အိုး.....

တောင်းပန်ပါတယ်ဗျ.…

ကျွန်တော် သေချာ မရှင်းပြမိလိုက်ဘူး....

ကျွန်တော့မှာ ၈ နှစ်အရွယ် ညီမတစ်ယောက် ရှိပါတယ်.....

သူ့ကျောင်းက မင်းအိမ်နဲ့ နီးတယ်လေ....

ဒါကြောင့်..."

အိုးရန်ရှို က တုံ့ဆိုင်းစွာ ပြောလိုက်တယ်။

သူ့မှာ ညီမရှိတာ ကြားတော့ သူမရဲ့ သံသယတွေ ပျောက်သွားပါတယ်။

"အို့.....ဒီကိစ္စမှာ ရှင်က ရိုးသားတာပဲ.....

ဒါဆို ကျွန်မလက်ခံပါတယ်....

လကုန်ရင်တော့ ရှင် အိမ်လခ ပေးနိုင်တယ် မဟုတ်လား ....ဟီးဟီး..."

ဒါက မမျှော်လင့်စွာနဲ့ပဲ အရမ်းရိုးရှင်းတဲ့ သဘောတူညီမှု တစ်ခုပါ။

ဒါကြောင့် အိုးရန်ရှို အံ့ဩသွားတယ်။

အိမ်း ငါ့ရဲ့ ယောကျ်ားပီသတဲ့ ရုပ်ရည်ကြောင့် သူမ ယုံကြည်မှု ရှိသွားတာ ဖြစ်ရမယ်။ (ဖွီး....မဖြစ်နိုင်တာ..🤔🤔)

အိမ်ငှားဖို့ ဆွေးနွေးအပြီးမှာတော့ လိုင်းပေါ်ကနေပဲ သူတို့ စာချုပ်မှာ လက်မှတ်ထိုးလိုက်ကြတယ်။

အဲ့ဒီအချိန်မှ သူမ အမည်က ဆွန်းရှောင်ယု ဖြစ်ပြီး ဂျောင်ပြည်တက္ကသိုလ် ရဲ့ ဗိသုကာဌာနမှ ဂျူနီယာကျောင်းသူဖြစ်ကြောင်း သိလိုက်ရတယ်။

သူက မနက်ဖြန် အိမ်ပြောင်းလာဖို့ သဘောတူလိုက်ပြီး ဖုန်းချခါနီးမှာပဲ

"ဟီးဟီး....နောက်ဆုံးတော့ အိမ်ငှါးခပေးဖို့ ပိုက်ဆံရပြီပဲ...."

လခွမ်း....သူမ ဘာကြောင့် မြန်မြန်သဘောတူသွားလဲဆိုတာ သူသိသွားပါပြီ။

သူ့ယုံကြည်မှုနဲ့ ဂုဏ်ယူနေတာတွေပါ ပျောက်သွားတယ်။ (အိမ်း....ဒီလိုမှပေါ့ 😌😌)

******************************

နောက်နေ့မနက်မှာတော့ အိုးရန်ရှို က အိမ်ပြောင်းမယ့်အကြောင်း ပင်းအာ ကိုပြောပြခဲ့တယ်။

ပြောင်းရမယ့် အိမ်က ကျောင်းနဲ့ နီးတဲ့အပြင် မမချောချော လေးနဲ့ တူတူနေရမယ်ဆိုတော့ ပင်းအာလည်း ဘာမှ မပြောတော့ဘူး။

မောင်နှမ နှစ်ယောက် တစ်မနက်ခင်းလုံး အထုတ်တွေသိမ်းနေတာ ပြီးသွားတော့ အိမ်ပြောင်းရွှေ့ကားငှါးပြီး အိမ်အသစ်စီ ချီတက်သွားကြပါတော့တယ်။

သူတို့က ရှင်းယွမ်ရပ်ကွက်ထဲ မြန်မြန်ပဲရောက်သွားကြပြီး တံခါးမှာ ရပ်ပြီး နတ်ဦးနှောက် ကိုင်ကာ စောင့်နေတဲ့ ဆွန်းရှောင်ယု နဲ့ တွေ့လိုက်တယ်။

သူမ က အရမ်း ယဉ်ကျေးတာပဲ။

ပင်းအာ က ပန်းရောင်ကျောပိုးအိတ်လေး လွယ်ပြီး လက်မှာ ကျားရုပ်လေးကိုင်က တက်စီတံခါးဖွင့်ပြီး ဆင်းလိုက်တယ်။

အပြင်ရောက်တာနဲ့ ဘေးပတ်လည်ကို ကြောက်ကြောက်လန့်လန့် ကြည့်ရင်း ထူးခြားတာမတွေ့တော့မှ ပတ်ဝန်းကျင်အသစ်ကို ကြောက်တာ ပျောက်သွားတယ်။

သူမပုံစံက သူမကို ထိခိုက်နိုင်မယ့်အရာတွေကို စူးစမ်းနေသလိုပဲ။

ချစ်စရာကောင်းတဲ့ ကလေးမလေးကိုမြင်တော့ ဆွန်းရှောင်ယု ရဲ့ အမျိုးသမီးတွေမှာပဲရှိတဲ့ မိခင်မေတ္တာမျိုး ပေါ်ထွက်လာခဲ့တယ်။

သူမက အရှေ့ကို တိုးလိုက်ပြီး လက်မောင်းတွေကို ဆန့်လိုက်တယ်။

"ဝိုး...ချစ်ဖို့ကောင်းတဲ့ ကလေးမလေး....ဒီကိုလာပါဦး .....အစ်မ က ညီမလေးကို ချီပါရစေ..."

ပင်းအာ က ပြုံးလိုက်ပြီး နောက်တစ်လှမ်းဆုတ်ကာ ချစ်စရာပုံစံလေးနဲ့ ပြောလိုက်တယ်။

"မမလှလှလေး..…ဟယ်လို.....သမီးနာမည်က အိုးရန်ပင်း ပါ.... အစ်မလည်း သမီးအစ်ကို ခေါ်သလို ပင်းအာ လို့ ခေါ် လို့ရပါတယ်.…."

ဆွန်းရှောင်ယု ပင်းအာကို ချီမယ့်လက်တွေ ပြန်ရုပ်လိုက်ပြီး ရှက်သွားရမယ့်အစား ပြုံးပြီး ပြောလိုက်တယ်။

"အိုးရန်ပင်းအာ.….နာမည်ကောင်းလေးပဲ...မမ က ဆွန်းရှောင်ယု ပါ....ညီမလေးက မမရှောင်ယု လို့ ခေါ်လို့ ရပါတယ်….ပင်းအာ ဒီနေရာကို ကြိုက်ရဲ့လား.…"

"ကြိုက်ပါတယ်..…ဒီနေရာက သမီးတို့ အိမ်လိုပဲ လှတယ်...…ပြီးတော့ မမလှလှ လေးလည်း ဒီမှာ ရှိသေးတယ်....ပင်းအာ အရမ်းပျော်တာပဲ ..…ဟီးဟီး..…"

ပင်းအာ ပြောရင်း ပြုံးလိုက်တယ်။

ဆွန်းရှောင်ယု က အိုးရန်ရှို ကို လုံးဝ မေ့နေတယ်။

ပင်းအာကို လက်ဆွဲပြီး အပေါ်ထပ်ကို မတက်သွားခင်ထိ သူမစိတ် ထဲမှာ မေ့နေတာ။

ပင်းအာ နောက်လှည့်ပြီး သူ့အစ်ကို ကို ကြည့်လိုက်တယ်။

သူက ခေါင်းငြိမ့်ပြီး ပြုံးလိုက်ကာ အပေါ်လိုက်သွားဖို့ လက်ပြလိုက်တယ်။

သူမ က ရှောင်ယု နောက်လိုက်ပြီး အပေါ်ကို တက်သွားတယ်။

ချစ်စရာကောင်းတဲ့ ပင်းအာလေးကို ကြည့်ရင်း အိုးရန်ရှိုရဲ့ နှလုံးသားလေးတောင် မနာလိုဖြစ်သွားတယ်။

သူ့အတွေးထဲမှာတော့

-ဆွန်းရှောင်ယု နဲ့ လက်ချင်းချိတ်လို့ ဂျောင်တက္ကသိုလ်ထဲမှာ လမ်းပတ်လျှောက်၊ လှပတဲ့ သူမကို ဆွဲဆောင်ပြီး သူနဲ့ လက်ထပ်လိုက်ရင်.…ဟီးဟီး...?

"ဘောစိ.….ကျွန်တော် ပစ္စည်းတွေ ကုူသယ်ပေးရဦးမလား..."

ကားဒရိုင်ဘာ က မေးလိုက်တော့ သူ့ရဲ့ ကြည်နူးစရာအတွေးလေးကို ရက်စက်စွာ အနှောင့်ယှက် ခံလိုက်ရတယ်။

"အိုး.….ဟုတ်ကဲ့....ကျေးဇူးပြုပြီး ၁၅ လွှာ ကို ပို့ပေးပါဦး.....ကျွန်တော့ရှေ့က မိန်းကလေးတွေနောက်ကို မြန်မြန်လိုက်သွားပါ...."

အိုးရန်ရှို သူ့အိတ်ကို ဆွဲလိုက်ပြီး ဆွန်းရှောင်ယု နောက်ကို အလျင်အမြန် လိုက်သွားခဲ့တယ်။

ဆွန်းရှောင်ယု နေတာက အခန်း ၁၅၀၃ မှာပါ။

အထဲဝင်လိုက်တော့ သန့်ရှင်းနေတဲ့ အခန်းကို တွေ့ခဲ့တယ်။

အိမ်ထဲမှာ အိပ်ခန်း ၃ ခန်းရှိပြီး အိပ်ခန်းကြီးတစ်ခု နဲ့ အသေးနှစ်ခုပါ။

သူမက အိပ်ခန်းအသေးတစ်ခုမှာ နေပြီး အိုးရန်ရှိုကတော့ မျက်နှာပြောင်ပြောင် နဲ့ပဲ အိပ်ခန်းအကြီး ကို ယူလိုက်ပါတယ်။

ပင်းအာ ကတော့ သူ့အိပ်ခန်းမျက်နှာခြင်းဆိုင်က အိပ်ခန်းသေးမှာ နေပါမယ်။

အခန်းခွဲတာပြီးတဲ့နောက် သူတို့အိတ်တွေ ပစ္စည်းတွေ နေရာချပြီးတဲ့အခါ ညနေ ၅ နာရီ ထိုးသွားပါပြီ။

ဆွန်းရှောင်ယု ကို ကျေးဇူးတင်တဲ့ အနေနဲ့ အိမ်ပြောင်းရွှေ့ခြင်း အထိမ်းအမှတ် ပွဲလေးလုပ်ဖို့ အိုးရန်ရှို ပြင်လိုက်ပါတယ်။

အနီးဆုံး စူပါမားကတ် ကိုသွားကာ လိုအပ်တာတွေဝယ်ပြီးတဲ့နောက် မီးဖိုချောင် ထဲမှာ အိုးရန်ရှို က အိုးသူကြီး လုပ်နေပါပြီ။

အားလုံးပြီးတော့ ဝက်နံရိုးစွပ်ပြုတ်၊ အမဲကြော် အစရှိတဲ့ ဟင်းပွဲ ၇ ပွဲ ၈ ပွဲလောက် စားပွဲပေါ်ရောက်နေပြီ။

စားဖို့အသင့်ဖြစ်နေတဲ့ ကြောင်မလေးပင်းအာ ရဲ့ လက်တွေက ဝက်နံရိုးကို စားဖို့ ယူလိုက်တယ်။

သို့ပေမယ့်...သူမရဲ့ အစ်သစ်စက်စက် အစ်မကြီးရှေ့မှာတော့ အရှက်မရအောင်တော့ ဣန္ဒြေရရ စားနေပါတယ်။

ညစာစားပြီးနောက် သူတို့သုံးယောက် ဧည့်ခန်းမှာထိုင်ပြီး စကားပြောကြရင်း တစ်ယောက်အကြောင်း တစ်ယောက် သိလာကြတယ်။

ပင်းအာက ဆိုဖာပေါ်မှာ လှဲနေပြီး သူမဗိုက်လေးကတော့ ပူထွက်နေပါတယ်။

စားပြီးသောက်ပြီး စိတ်ကျေနပ်နေတဲ့ အမူအရာကို ကြည့်ရတာ သောက်ရမ်းကို ချစ်ဖို့ကောင်းတဲ့ ကြောင်ပေါက် ဝဝ လေးလိုပဲ။

"ရှောင်ယု....ဘာလို့ ဒီလိုအိမ်အကြီးကြီး ငှါးနေရတာလဲ...."

တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးသွားတော့ အိုးရန်ရှို က မထိန်းထားတော့ပဲ သူ့စိတ်ထဲမှာ သံသယ ဖြစ်နေတာကို ထုတ်မေးလိုက်တယ်။

မိန်းမပျိုလေးကို ကြည့်ရတာ ချမ်းသာတဲ့ ပုံလည်းမပေါ်ဘူး။

အိမ်ငှါးခမပေးနိုင်တဲ့ အကြောင်းလည်း ပြောနေသေးတယ်။

ဒါတောင် အိပ်ခန်း သုံးခန်းပါတဲ့ အိမ်ကြီးကို ငှါးနေသေးတယ်။

ဒါက ဉာဏ်တိမ်တာလား ဦးနှောက်ပုတာလားပဲ....ဟုတ်တယ်ဟုတ်။

"အိုးး.…အစ်ကိုကြီး အိုးရန်..…ဒီအကြောင်းကို ပြောရရင် သူတို့ရည်းစားတွေနဲ့ သွားနေတဲ့ ကျွန်မ သူငယ်ချင်းနှစ်ယောက်ကို အပြစ်တင်ရမှာပဲ.....

အစကတော့ ကျွန်မတို့ သုံးယောက်အတူ ငှါးနေကြတာ....ကောလိပ်ကနေ ဘွဲ့ရတဲ့အထိ တူတူနေကြမယ်ပေါ့....အခု အဲ့နှစ်ယောက်က သူတို့ရည်းစားတွေနဲ့ သွားနေပြီး ကျွန်မကို တစ်ယောက်တည်း ထားခဲ့ကြတယ်.....အိမ်ငှါးခ ပေးဖို့လိုလာတော့ ကျွန်မလည်း သူတို့နေခဲ့တဲ့ အခန်းတွေကို ပြန်ငှါးရတော့တာပေါ့....

အစ်ကိုသာ အချိန်မှီ မငှါးခဲ့ဘူးဆိုရင် ကျွန်မတော့ နေ့တိုင်း ခေါက်ဆွဲခြောက်နဲ့ နှစ်ပါးသွားရတော့မှာ..."

သူမက ဝမ်းနည်းနေတဲ့ အကြည့်တွေနဲ့အတူ ရှင်းပြလာခဲ့တယ်။

ကြည့်ရတာ သူမအခန်းဖော်တွေအပေါ်မှာ အလေးအနက်ထားသလိုပဲ။

ပြီးတော့ သူမက ဆက်မပြောတော့ဘဲ တိတ်သွားပါတယ်။

ဒီကိစ္စကို ဆက်မေးဖို့ မကောင်းမှန်း အိုးရန်ရှို သိတော့ ချက်ချင်းပဲ ကျောင်းနဲ့ပတ်သက်တဲ့ အကြောင်းကို ခေါင်းစဉ်ပြောင်းလိုက်ပါတယ်။

သူလည်းပဲ ဂျောင်ပြည်နယ်တက္ကသိုလ် ကနေ ဘွဲ့ရခဲ့တာ ဆိုတော့ ဆွန်းရှောင်ယု ရဲ့ စီနီယာ လို့ ပြောလို့ရပါတယ်။

ဒါကြောင့် သူတို့ပြောစရာ အကြောင်းတွေ အများကြီးရှိတာပေါ့။

၁၀ နာရီကျော်တော့ အားလုံးပဲ ကိုယ့်အခန်း ကိုယ်ဝင်ပြီး အနားယူခဲ့တယ်။

နောက်ဆုံး နေသားတကျ ဖြစ်သွားတော့ မနက်ဖြန်ဆို ဂိမ်းကို စတင်ကစားလို့ရပြီဆိုတာ အိုးရန်ရှို မှတ်မိနေခဲ့တယ်။

ဒါက သူ့ရဲ့ဘဝအသစ်အတွက် အခြေချရမယ့် အစိပ်အပိုင်း တစ်ခုပဲလေ။

ပြန်လည်မွေးဖွားလာတဲ့ အိုးရန်ရှို ရဲ့ ဒုတိညကိုတော့ အနာဂါတ်အတွက် မျှော်လင့်ချက်တွေနဲ့အတူ အိပ်စက်လိုက်ပါတယ်။

ဆက်ရန်

အခန်း (၃) ဘုရင်တစ်ပါး ဖန်တီးခြင်း