The World Online
ကစားပွဲ ကမ္ဘာ
Author - Sheng Xiao Jian Ke
Translator - တာအိုလုလင်
အခန်း (၁) ပြန်လည်စတင်ခြင်း
သူ့ရဲ့ စိတ်ထဲမှာ အတိတ်ကပုံရိပ်တွေ ထင်ဟပ်နေဆဲပါ။
ရုပ်ရှင်ပြကွက်တွေလို တစ်ခုပြီး တစ်ခု ပေါ်ထွက်လာတဲ့အခိုက် ကောင်းကင်ကြီးက သွေးနီရောင်သန်းလို့၊ စစ်မြေပြင်က အပျက်အစီးတွေ၊ လူသေအလောင်းတွေ၊ ကျိုးပျက်နေတဲ့ ချပ်ဝတ်တန်ဆာတွေကို ထမ်းပိုးလို့နေသလို ဆူညံနေတဲ့ လူသံ မြင်းသံတွေကြားကနေ တိုက်ခတ်နေတဲ့ လေထု ကလည်း ချိုမြမြ သွေးနံ့တွေကို သယ်ဆောင်လာခဲ့တယ်။
လှုပ်ရှားမှု မရှိတဲ့ လူအုပ်ကြီးက တစ်ဘက် နဲ့ တစ်ဘက် ရန်စောင်နေလေရဲ့။
ပုခုံးချင်းယှဉ်လို့ သေအတူ ရှင်မကွာ တိုက်ခိုက်လာခဲ့ကြတဲ့ ညီအစ်ကိုတွေက အခုချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြပြီ။
ဒီအချိန်မှာ လေထုတောင် အေးခဲမတတ် ဖြစ်နခဲ့တယ်။
တိုက်ပွဲရဲ့ အလယ်နဲ့ မလှမ်းမကမ်းမှာတော့ တစ်ကိုယ်လုံး သွေးတွေပေကျံနေတဲ့ ထောင်ထောင်မောင်းမောင်း လူကြီးတစ်ယောက်။
သူ့နာမည်က စွန်းဟိုင်တာ၊ လေနက်မြင်းတပ်ဖွဲ့ရဲ့ ခေါင်းဆောင်၊ ဘုရင်အဆင့်ကျွမ်းကျင်သူ ၊တိုင်းပြည်ကနေ အလိုရှိဆုံး စာရင်းရဲ့ ၁၉ ယောက်မြောက်လူသား။
သူ့အောက်မှာတော့ အလောင်းတစ်လောင်း။ အလောင်းပတ်ပတ်လည်က ရတနာကနေ ခရမ်းနုရောင်အလင်းတွေ တောက်ပလို့ လာကောက်သိမ်းမှာကို စောင့်နေလေရဲ့။
"ဘာကြောင့်လဲ"
အရပ်ရှပ်ပြီး ယောကျ်ားပီသတဲ့ လူငယ်တစ်ယောက်က မေးလိုက်တယ်။
သူ့ကိုယ်မှာတော့ အစွမ်းထက်တဲ့ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး လက်ထဲမှာတော့ သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ တိမ်နဂါး လှံပုဆိန် (Helberd) ကို ဆွဲကိုင်ထားတယ်။
သူဟာ အပြင်းအထန် ဒဏ်ရာရထားလို့ မြေပြင်ပေါ်မှာ ဒူးတစ်ဝက်ထောက်ပြီး လှံပုဆိန် နဲ့ ကျားကန် ကန်ထားရပါတယ်။
ရင်ဘတ်ကထွက်နေတဲ့ သွေးတွေကလည်း သူ့ဝတ်စုံ မှာ ရွှဲလို့။
တစ်ယောက်ယောက်က သေချာကြည့်မယ်ဆိုရင် ဓားတစ်ချောင်းက သူ့ကျောဘက်ကနေ ရင်ဘက်ကို ဖောက်ထွက်နေတာ တွေ့ရပါလိမ့်မယ်။
ဓားလက်ကိုင်ကတော့ သူ့လှံပုဆိန် ကြောင့် ကျိုးနေပါပြီ။
သူနဲ့ ဆန့်ကျင်ဘက်မှာတော့ မျက်လုံးပြူးပြူး မျက်ခုံးထူထူ မုတ်ဆိတ်မွှေးတွေနဲ့ သက်လတ်ပိုင်းတစ်ယောက် ရပ်နေတယ်။
အဲ့ဒီလူက သံချပ်ကာဝတ်ပြီး ရွှေရောက်လှံတစ်ချောင်းနဲ့ တိုက်ခိုက်ဖို့အသင့်ပြင်ထားပါတယ်။
သူ့လက်ကောက်ဝတ်ရဲ့ ဘယ်ဘက်က အေးစက်ပြီး အထီးကျန်နေတဲ့ ဓားအိမ်က ဒီအခြေအနေရဲ့ ရက်စက်မှုကို ဖော်ပြနေလေရဲ့။
"ပိုကောင်းတဲ့ ဘဝနဲ့ အသက်ဆက်ရှင်ဖို့"
သူက အက်ကွဲနေတဲ့ အသံနဲ့ ပြန်တုံ့ပြန်လိုက်တယ်။
သူ့အသံက မာနေတယ်။
ဒီမေးခွန်းကို ပြန်မဖြေရင်တောင် သူ့အပြုအမူက ဖော်ပြနေပြီးသားပါ။
သူက ဖြေပြီးတာနဲ့ စကားပြောတာ ရပ်လိုက်ပြီး လူငယ်လေးကို မသေခင် အေးစက်စက် ကြည့်လိုက်ပါတယ်။
"ဟာဟ....အဲ့တာကြောင့်ပေါ့လေ"
လူငယ်လေးရဲ့ မျက်နှာမှာ လှောင်ပြောင်မှုတွေ ပြည့်နေပြီး ချပ်ဝတ်အောက်က အလောင်းစီ လက်ညှိုးထိုးလိုက်တယ်။
"ပလက်တီနမ်အဆင့်မှာရှိတဲ့ လက်နက်ကြောင့်ပါကွာ.....ဟားဟားဟ တကယ်ကို မျက်နှာပြောင်တာပဲ"
သူ့အသံက အေးစက်ပြီး ထက်ရှနေခဲ့တယ်။
"ဒီပစ္စည်းမှာ လူတွေရဲ့စိတ်ကို ပြောင်းလဲစေမယ့် မှော်အစွမ်းရှိလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး.…..ငါ့နောက်မှာ အမြဲရှိပြီး ညီအစ်ကိုလို ယုံကြည်ခဲ့ရတဲ့သူက ဒါအတွက်နဲ့ ငါ့နောက်ကျောကို ဓားနဲ့ထိုးခဲ့တယ်.....မင်းက လူတိုင်း လေးစားရတဲ့သူ....မင်းကံကြမ္မာကို မင်းအရှုံးပေးလိုက်တာပဲ"
သူက အရမ်းကို အားနည်းနေပါပြီ။
ဒါပေမယ့် သူ့မျက်ဝန်းနက်တွေကတော့ တောက်ပပြီး ကြည်လင်နေ ဆဲပဲ။
သို့ပါသော်လည်း.... အခုတော့ ဒါဟာ ဒီအဖြစ်အပျက်တွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ဖို့ အခြေအနေ တစ်ခုသာသာပါပဲ။
"အစ်ကိုကြီး...ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာတော့ ဒါဟာ ကစားပွဲတစ်ခုပဲလေ...တစ်နေ့မှာတော့ ကျွန်တော်တို့တွေ ဒီကနေ ထွက်ခွာပြီး တကယ့်ကမ္ဘာကြီးထဲ ပြန်သွားရမှာပါ.....ကျွန်တော် မထင်ထားခဲ့ဘူး....ကျွန်တော်တို့ ညီအစ်ကိုတွေရဲ့ အဆုံးသတ်...…၅ နှစ်တာ ခင်မင်မှု.....ဒါတွေအားလုံးက ကစားပွဲကနေ ကျလာတဲ့ လက်နက်တစ်ခုလောက်တောင် တန်ဖိုး မရှိပါလား"
"တောင်းပန်ပါတယ်....တတိယ ညီလေး"
သူ့အသံက ခံစားချက်မဲ့ပြီး အေးစက်နေတုန်းပါ။
"ဟားဟားဟား.....တောင်းပန်တယ်....အဟက်....တော်တော် စောက်ခွက်ပြောင်တာပဲနော်..... အစ်ကိုကြီး..…ဒီလိုခေါ်တာ ဒါနောက်ဆုံးပဲ....နှုတ်ဆက်ပါတယ်...ခင်ဗျားကို ကျွန်တော် အပြစ်မတင်ပါဘူး"
လူငယ်လေးဟာ ပုံမှန်မဟုတ်ဘဲ အေးစက်လာပြီး မျက်နှာမှာတော့ စိတ်လှုပ်ရှားမှု စိုးစိမျှ မရှိနေပါဘူး။
သူ့မျက်ဝန်းတွေက အလွန်နက်ပြီး ကမ်းမမြင် လမ်းမမြင်တဲ့ ပင်လယ်ပြင်လို တောက်ပနေခဲ့တယ်။
သူ့မျက်နှာကိုကြည့်ပြီး နာမည်ပြောင်ပေးရရင် မျက်နှာနှစ်ဖက်နဲ့ ရှူရာ လို့ပေးရပါလိမ့်မယ်။
သူက အေးစက်နေတဲ့ အချိန်မှာ ရန်သူတွေကို ကြောက်လန့်စေပြီး၊ နွေးထွေးနေရင်တော့ မိတ်ဆွေတွေအတွက် လန်းဆန်းစေတဲ့ လေပြည်ညင်းနဲ့ တူပါတယ်။
" ဒါပေမယ့် နောက်တစ်ခါ ဆုံခဲ့မယ် ဆိုရင်တော့ ကျုပ် ခင်ဗျားကို သတ်ရလိမ့်မယ်"
သူက သက်လတ်ပိုင်းလူကြီးကို အေးစက်စွာ ပြောလိုက်တယ်။
နောက်ကျောက စိုက်ဝင်နေတဲ့ ဓားကို သူ့လက်နဲ့ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာ လက်ဖဝါးကနေ သွေးတွေတောင် စီးကျလာပါတယ်။
သူ့မျက်နှာက လှိုင်းမရှိတဲ့ ရေပြင်လို တည်ငြိမ်နေပြီး နာကျင်မှုကို လစ်လျူရှုထားတယ်။
ဓားကို ကိုယ်ထဲက ဆွဲထုတ်လိုက်တော့ သွေးတွေ ဖြာခနဲ ထွက်လာတယ်။
သူ့နှလုံးသားက ပန်းထွက်လာတဲ့ သွေးတွေဟာ စစ်မြေပြင်မှာ ကျက်သရေရှိစွာ ပွင့်လာတဲ့ သွေးပန်းပွင့်အလား အားလုံးကို တိတ်ဆိတ်သွားစေပါတယ်။
သူ့မျက်ဝန်းထဲက မြင်ကွင်းကလည်း အေးခဲပြီး မှောင်မည်းသွားပါပြီ။
သွေးလွှမ်းနေတဲ့ ကောင်းကင်တစ်ခု.....
သွေးရေပန်းတစ်ခုက အရှိန်ရှိန်ပြင်းပြင်းနဲ့ ကောင်းကင်ဘုံထိ ပေါက်ထွက်သွားတယ်။
အရမ်းသေးပေမယ့် အရမ်းသန်မာလွန်းတယ်။
အိုးရန်ရှို တစ်ယောက် မတ်တပ်မရပ်နိုင်တော့ဘဲ မြေကြီးပေါ် လဲကျသွားတယ်။
အဆက်မပြတ်ထွက်နေတဲ့ သွေးတွေနဲ့အတူ နောက်ဆုံးမှာတော့ သူသေဆုံးသွားခဲ့ပါပြီ။
ဒါဟာ အိုးရန်ရှို အတွက် ပထမဆုံး ပြန်လည် မွေးဖွားရတာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီတစ်ခေါက်ကတော့ အရမ်းကို နာကျင်ရပါတယ်။
ပြန်လည်မွေးဖွားတယ်ဆိုတာ ကစားပွဲကို အစ ကနေ ပြန်လည် စတင်ရတာပါ။
တခြားဂိမ်း တွေနဲ့ မတူတာက ဒီဂိမ်းထဲမှာ မင်းသေသွားရင် အရာရာ ဆုံးရှုံးသွားပါမယ်။
မင်းရဲ့ ဂိမ်းထဲက ဇာတ်ကောင်ဟာ အဆင့် သုည ကနေ ပြန်စရပြီး မင်းရဲ့လက်နက်တွေအကုန် ဆုံးရှုံးသွားပါမယ်။
ဒါက သေချင်စော် နံစေတဲ့ အချက်ပဲ။
"ငါ ဒီသစ္စာဖောက်ကို အနိုင်မယူခဲ့ရဘူး။ ငါဆုံးရှုံးသွားတာတွေ သေချာပေါက် ပြန်ယူရမယ်"
မြို့ထဲမှာ သူပြန်လာတာစောင့်နေမယ့် သူ့ညီမ အကြောင်းကို တွေးမိတော့ စိတ်ရှုပ်စရာတွေ ဘေးထုတ်လိုက်ပြီး ဒီကိစ္စကို နှလုံးသားမှာပဲ ကတိပြုထားလိုက်တယ်။
ပြီးတော့ လေးလံနေတဲ့ သူ့မျက်ခွံတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။
သူ့အပေါ်မှာ အဖြူရောင် မျက်နှာကျက်တစ်ခု ရှိနေတယ်။
အခန်းနံရံတွေကတော့ သတ္တုနဲ့ဆောက်ထားပြီး ဘာမှမရှိဘဲ ပြောင်ချောနေတယ်။
အခန်းထဲမှာတော့ သူလှဲနေတဲ့ ကုတင်ကလွဲရင် ဘာပရိဘောဂ မှ မရှိဘဲ အရမ်းကို ရှင်းလင်းနေတယ်။
အခန်းရဲ့ နံရံမှာတော့ ဒီဂိမ်းရဲ့ ပိုစတာတစ်ခု ရှိနေတယ်။
"ဒါ ဘယ်နေရာလဲဟ"
အိုးရန်ရှို စိတ်ရှုပ်ထွေးစွာ မေးလိုက်မိတယ်။
ဒါက ဂိမ်းရဲ့ ပြန်လည်မွေးဖွားတဲ့ အခန်းလည်း မဟုတ်ဘူး။
ဂိမ်းထဲမှာ သေသွားရင် ပြန်လည်မွေးဖွားခြင်း ခန်းမထဲ ရောက်သွားရမှာပါ။
ပြန်လည်မွေးဖွားခြင်းခန်းမ မှာဆိုရင် တစ္ဆေအော်သံတွေ၊ နတ်ဆိုးခေါ်သံတွေ ဝန်းရံပြီး ဘဝသစ်စတင်မယ့် အလင်းရောင်စီကို သွားရမှာ။
တကယ့် ကမ္ဘာကြီးထဲ သူပြန်ရောက်သွားတာလား။
မဖြစ်နိုင်ပါဘူး။ လိုင်းပိတ်သွားမှသာ တကယ့်ကမ္ဘာထဲ ပြန်ရောက်သွားမှာလေ။
ဒီလိုမျိုး ဂိမ်းအခန်းထဲက ကုတင်ပေါ်မှာ လဲနေမှာ မဟုတ်ပါဘူး။
သူ့မျက်လုံးတွေက ဂိမ်းပိုစတာကို စိုက်ကြည့်လိုက်ပါတယ်။
လောလောဆယ်တော့ သူ့ခေါင်းတွေ မူးနေပြီး ဘာမှ မစဉ်းစားနိုင်ဘူး ဖြစ်နေတယ်။
ဒီပိုစတာက ရင်းနှီးနေသလိုပဲ။ ဒါကို ဘာလို့ မမှတ်မိရတာလဲ။
အာ...…ဒါက လွန်ခဲ့တဲ့ ၅ နှစ်က ဒီဂိမ်းကို ကြေငြာတဲ့ ပိုစတာပဲ။
ဒီဂိမ်းကို စမ်းသပ်ကစားဖို့ ၂၁၉၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ကြေငြာခဲ့ပါတယ်။
"ကစားပွဲကမ္ဘာ" လို့ အမည်ရတဲ့ ဒီဂိမ်းက စွန့်စားခန်းတွေ၊ နယ်မြေသိမ်းပိုက်ခြင်းတွေ၊ တော်ဝင်စစ်ပွဲတွေ နဲ့ ကိုယ့်ကိုယ်ကို တိုးတက်အောင် တည်ဆောက်ရပါတယ်။
သူက အတိတ်ကို ပြန်ရောက်နေတာပဲ။
ဒါက လွန်ခဲ့တဲ့ ၅ နှစ်က သူ့ရဲ့အိမ်လေ။
အတိတ်က မှတ်ဉာဏ်တွေ သူ့ဦးနှောက်ထဲမှာ ပြန်ပေါ်လာတာကြောင့် ခေါင်းတောင်ကိုက်လာခဲ့တယ်။
သူက ကစားပွဲကမ္ဘာထဲကနေ အတိတ်က တကယ့်ကမ္ဘာထဲ ပြန်ရောက်လာတာပဲ။
၂၁၇၀ ခုနှစ်မှာ ကမ္ဘာ့ဗဟိုချက်က မတည်မငြိမ်ဖြစ်လာပါတယ်။
သုံးလကြာ စူးစမ်းရှာဖွေပြီးတဲ့နောက် သိပ္ပံပညာရှင်တွေဟာ ထိတ်လန့်စရာကောင်းတဲ့ အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။
နှစ်ပေါင်း သုံးဆယ်ကျော် ကြာပြီးတဲ့နောက်မှာ ကမ္ဘာ့ဗဟိုချက်က ပေါက်ကွဲသွားမှာပါ။
ကမ္ဘာ့အောက်လွှာမှာရှိတဲ့ ချော်ရည်တွေ ပေါက်ထွက်လာပြီး သက်ရှိအကုန်လုံးကို ပြာကျသွားလိမ့်မယ်။
ကမ္ဘာကြီးက မီးတွေတောက်ပြီး နေလုံးကြီးလို ဖြစ်သွားပါလိမ့်မယ်။
ဒီအကြောင်းကို အစိုးရကို သတင်းပို့လိုက်တော့ အထိတ်တလန့် ဖြစ်သွားကြတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က စပြီး အာကာသခရီးသွားခြင်းဟာ တိုးတက်လာခဲ့ပါတယ်။
လူသားတွေက အာကာသ တွင်းပေါက်တွေနဲ့ ဂြိုလ်ပေါင်းများစွာ လေ့လာခဲ့ကြပေမယ့် ကမ္ဘာနဲ့ တူတဲ့ဂြိုလ်ကို ရှာမတွေ့ခဲ့ကြဘူး။
အင်္ဂါဂြိုလ်ပေါ်မှာတောင် ကမ္ဘာကနေ ထောက်ပံ့ပေးနေရတဲ့ ကန့်သတ်ထားတဲ့ လူတစ်စုလောက်ပဲ ထားနိုင်ပါတယ်။
တကယ်လို့ ကမ္ဘာကြီးသာ ပျက်စီးသွားရင် လူသားတွေအတွက် ရှင်သန်စရာနေရာ မရှိတော့ပါဘူး။
ဒီကပ်ဘေးကို အတည်ပြုပြီးတဲ့နောက်မှာတော့ အစိုးရက အင်္ဂါဂြိလ်ပေါ်မှာ ပြောင်းနေဖို့၊ အင်္ဂါဂြိုလ်နဲ့ ကျင့်သားရအောင် အစီအစဉ်တွေ စတင်လုပ်ဆောင်ပါတယ်။
အဲ့ဒီနောက်မှာတော့ ထူးဆန်းတာတစ်ခု ဖြစ်ပွားခဲ့တယ်။
(၁) b
အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ကနေ နောက်ဆုံးရတဲ့ သတင်းတစ်ခုမှာ သက်ရှိအသစ်တွေရှိတဲ့ ကမ္ဘာသစ်တစ်ခုကို နဂါးငွေ့တန်းအပြင်ဘက်မှာ ရှာတွေ့ခဲ့တယ်။
အစိုးရ က ပွဲတော်တောင် မကျင်းပနိုင်ဘဲ ဂြိုလ်ပေါ်ပြောင်းရွှေ့ဖို့ သုံးလအတွင်း အစီအစဉ် ဆွဲခဲ့တယ်။
ရှာတွေ့ခဲ့တဲ့ ဂြိုလ်အသစ်ကိုတော့ "မျှော်လင့်ချက်" လိူ့နာမည်ပေးခဲ့တယ်။
ဒါက လူသားတွေအတွက် နောက်ဆုံး မျှော်လင့်ချက်ပါပဲ။
လူတွေ အထိတ်တလန့်ဖြစ်မှာစိုးလို့ ပြောင်းရွှေ့မယ့်ကိစ္စကို လျှို့ဝှက် ဆောင်ရွက်ခဲ့ကြတယ်။
အစီစဉ် တစ်ခုလုံးကို လုပ်ဆောင်ဖို့ မတူညီတဲ့ အဖွဲ့အစည်းတွေ၊ ဌာနတွေ ခွဲထားခဲ့တယ်။
အစိုးရနဲ့ သမ္မတ က လွဲပြီး ဘယ်သူကမှ အစီအစဉ်တစ်ခုလုံးကို မသိခဲ့ကြဘူး။
"ကစားပွဲကမ္ဘာ" ဆိုတာလည်း အစီအစဉ်ရဲ့ အရေးကြီးတဲ့ အစိပ်အပိုင်းတစ်ခု ပါပဲ။
လူသားတွေ ထိတ်လန့်မှုမရှိအောင် ဂိမ်းထဲမှာ စိတ်ရောက်နေစေဖို့ပါ။
ပုံမှန်အားဖြင့် ဂိမ်းထဲမှာ လျှို့ဝှက်ဖုံးကွယ်ထားတဲ့ နေရာတွေ ရှိသလို လူတိုင်းကို လိုက်လျောညီထွေ ဖြစ်အောင် ပုံစံထုတ်ထားတယ်။
ဒါက တီဗီဇာတ်လမ်းတွဲတွေထဲကလို ဇာတ်ကွက်တွေပါပါတယ်။
ဘယ်သူကမှတော့ အသေးစိပ်အချက်တွေ မရထားကြပါဘူး။
ဂိမ်းကို ကမ္ဘာထက် ဆယ်ဆကြီးတဲ့ ကမ္ဘာကြီးတစ်ခုပုံစံ တည်ဆောက်ထားပါတယ်။
ဂိမ်းကစားတဲ့သူတွေအတွက် "မျှော်လင့်ချက်" ဂြိုလ်ပေါ်က အချက်အလက်တွေကို နမူနာယူပြီး ဇာတ်ကောင်ဖန်တီး ပေးထားပါတယ်။
ဂိမ်းကိုရေးဆွဲတဲ့အဖွဲ့ဟာ အစိုးရအဖွဲ့ကနေရတဲ့ မျှော်လင့်ချက်ဂြိုလ်ရဲ့ မှတ်တမ်းတွေ၊ ဗီဒီယိုတွေကို အခြေခံပြီး ရေးဆွဲခဲ့ကာ "ဂိုင်ယာ" လို့အမည်ပေးထားတဲ့ မှတ်ဉာဏ်တုကို ဂိမ်းကိုထိန်းချုပ်စေခဲ့တယ်။
ဂိမ်းရေးဆွဲတဲ့သူတွေတောင်မှ ဂိမ်းရဲ့စည်းမျဉ်းတွေ၊ ဂိမ်းမှာ လုပ်ဆောင်ရမယ့်တာဝန်တွေကို မသိခဲ့ကြဘူး။
၁၅ နှစ်ကြာပြီးနောက် ၂၁၈၅ ခုနှစ်မှာ ကစားပွဲကမ္ဘာဂိမ်း ရဲ့ ပထမဆုံးသော လျှို့ဝှက်စမ်းသပ်ချက်ကို စတင်ခဲ့တယ်။
ဂိမ်းထဲပါဝင်မယ့်သူတွေအကုန်လုံးကလည်း သဘောတူ စာချုပ်မှာ လက်မှတ်ထိုးထားရပြီး စမ်းသပ်မှုတွေကို ယှဉ်ပြိုင်ခဲ့ရတယ်။
စမ်းသပ်ချက်တွေမှာ သတ်ဖြတ်မှုတွေပါဝင်ပြီး အောင်မြင်တဲ့သူတွေသာ ပါဝင်ခွင့်ရခဲ့ကြတယ်။
ဂိမ်းထဲမှာတော့ ကစားသမားတွေဟာ ဂိုင်ယာ ထိန်းချုပ်ထားတဲ့ ကုန်းမြေပေါ်ရောက်ရှိမှာ ဖြစ်ပြီးတော့ ဖော်ပြချက်မပါတဲ့ မြေပုံတစ်ခု ရရှိပါလိမ့်မယ်။
ကစားသမားတွေဟာ ကုန်းမြေရဲ့ မတူညီတဲ့ ဒေသတွေကို ရောက်ရှိပြီး စူးစမ်းရှာဖွေရမှာပါ။
(ရှာရင်းနဲ့ ကံဆိုးရင် သေနိုင်ပြီး ကံကောင်းရင်တော့ ဆုတွေရနိုင်ပါလိမ့်မယ် )
ဂိုင်ယာ က ကစားသမားတွေရဲ့ အပြုအမူတွေ၊ တုံ့ပြန်မှုတွေကို လေ့လာပြီး ဂိမ်းရဲ့ လိုအပ်ချက်တွေကို ထိန်းညှိကာ ဂိမ်းကို ပြည့်စုံအောင် မြှင့်တင်ခဲ့တယ်။
ခြောက်လ တစ်ခါ ကစားသမားအသစ်တွေကို ဖိတ်ခေါ်ကစားစေပြီး အကြိမ်တိုင်းမှာ မတူညီတဲ့ ကစားသမားတွေဟာ မတူညီတဲ့ အခြေအနေတွေနဲ့ ကစားကြရတယ်။
လေးနှစ်ကြာပြီးတဲ့နောက်မှာတော့ ဂိမ်းရဲ့ ၈၀ ရာခိုင်နှုန်းလောက် ပြည့်စုံလာခဲ့ပြီးတော့ စမ်းသပ်ချက်တွေကို ရပ်ပြီး ကျန်တဲ့လိုအပ်တာတွေကိုတော့ ကွန်ပျူတာတွေနဲ့ တွက်ချက်ပြုပြင်ခဲ့တယ်။
၂၁၉၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ ဂိမ်းကို လူသားအားလုံး ကစားလို့ရပြီဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့တယ်။
၂၁၈၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကစားပွဲကမ္ဘာ ရဲ့ တရားဝင် ဝဘ်ဆိုဒ် ကို စတင်ခဲ့တယ်။
ဝဘ်ဆိုဒ်ကို သတင်းအချက်အလက်အပိုင်း၊ အရောင်းဆိုင်နဲ့ ဆွေးနွေးခန်းဆိုပြီး ၃ ပိုင်းခွဲထားတယ်။
သတင်းအချက်အလက်အပိုင်းမှာ ဂိမ်းရဲ့တည်ဆောက်ပုံတွေပါပေမယ့် ကစားရမယ့်စည်းမျည်း အသေးစိပ်အချက်တွေကိုတော့ မဖော်ပြထားခဲ့ဘူး။
အရောင်းဆိုင်မှာတော့ ဂိမ်းဆော့ရင် လိုအပ်မယ့် ဂိမ်းသေတ္တာကို တစ်သိန်း နဲ့ ရောင်းနေတယ်။
ဒီစျေးနှုန်းက သာမာန်လူတွေအတွက် စိတ်ပျက်စရာပါပဲ။
ပိုစတာနဲ့ ကြေငြာတာက လွဲပြီး ဂိမ်းရဲ့အကြောင်း တိတိကျကျ မဖော်ပြခဲ့တာကြောင့် လူထုကြားမှာ သိပ်မထင်ရှားခဲ့ဘူး။
ပြန်လည်မွေးဖွားလာတဲ့ အိုးရန်ရှို ကတော့ ပုံမှန်မဟုတ်တဲ့ စျေးကွက်ဟာ အစိုးရအဖွဲ့အစည်းနဲ့ အာဏာရှိပါတီတွေရဲ့ သဘောတူညီမှုကြောင့် ဖြစ်ပေါ်လာမှန်း သိခဲ့တယ်။
သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။
အခုမှ စ ကစားမယ့် ပုံမှန်လူတွေနည်းအောင် လုပ်လိုက်တာပါ။
ဒါမှ အဖွဲ့ကလူတွေဟာ အကျိုးရလာဒ်တွေ စောစောရပြီး နောက်ပိုင်း မှာ ထိပ်ဆုံးရောက်ရှိမှာပါ။
ဒါကြောင့်ပဲ စျေးကြီးနေရပြီး အဖွဲ့အစည်းတွေဟာ လူတွေ စောဒက တက်နေတာကိုတောင် နှစ်ပေါင်းများစွာ ပါးစပ်ပိတ်နေခဲ့ပါတယ်။
အတိတ်မြစ်ထဲ မျောလွင့်နေတဲ့ အိုးရန်ရှို ကို တံခါးခေါက်သံတစ်ခုက နှောင့်ယှက်လိုက်တယ်။
"အစ်ကိုကြီး က အရမ်း အပျင်းထူတာပဲ.....ထတော့လေ...ပင်းအာ ဗိုက်ဆာနေပြီ..."
အိုးရန်ရှို အိပ်ယာဘေးက ဖုန်းကိုကောက်ပြီး အချိန်ကြည့်လိုက်တယ်။
၂၁၈၉ ခု ဒီဇင်ဘာလ ၂၈ ရက်။
ဒီဂိမ်း စတင်ဖို့ သုံးရက်အလို။
အံ့ဩစရာပဲ.….အရာရာဟာ ဘဝသစ်ပြန်စနေရပြီ။
အတိတ်က အရာတိုင်းဟာ အိပ်မက်တစ်ခုလို လေနဲ့လွင့်ပါသွားပြီ။
ပြန်လည်မွေးဖွားလာတဲ့နောက်..….
ရင်းနှီးနေတဲ့ ကစားပွဲအကြောင်း၊ ကစားသမားတွေနဲ့ သူတို့ရဲ့အင်အား၊ သူ့ရဲ့ပင်ကို အရည်အချင်းနဲ့ဆိုရင် သူနဲ့ သူ့ညီမအတွက် နေရာတစ်ခုရပြီး ကမ္ဘာတစ်ခုထူထောင်နိုင်ရမယ်လို့ အိုးရန်ရှို ယုံကြည်ပါတယ်။
အဲ့ဒီကမ္ဘာထဲမှာတော့ သူ့ညီမကို ဘယ်တော့မှ တစ်ယောက်တည်း မထားခဲ့တော့ဘူး။
ဒါ့အပြင် ပင်းအာ ကို ကစားပွဲကမ္ဘာမှာ မင်းသမီးတစ်ပါး ဖြစ်စေရမယ်။
"ပင်းအာလေး အစ်ကိုတို့ အပြင်ထွက်ပြီး မနက်စာသွားစားရအောင်"
အိုးရန်ရှို တစ်ယောက် သက်တောင့်သက်သာဖြစ်ပြီး ပျော်ရွှင်နေတာ သူ့ကိုယ်သူတောင် သတိမထားမိဘူး။
ဆက်ရန် အခန်း (၂) ဝေမျှခြင်း