အပိုင်း(၁)
*ကူညီပါရစေ* ဟူသော စာတန်းတပ်ထားသည့် အဆောက်အအုံ တစ်ခုထဲတွင် တူညီဝတ်စုံများဝတ်ထားသော ရဲသားများသည် မိမိတာဝန်ကျရာ အလုပ်ကို ကျေပွန်စေရန် ဆောင်ရွက်လုပ်ကိုင်နေကြသည်။
ထိုအဆောက်အအုံ အတွင်း သံတိုင်များဖြင့် တည်ဆောက်ထားသော အခန်းကျယ်ကြီးတွင် အပြစ်သား များရှိလို့နေသည်။ပိုင်ရတု တို့အုပ်စု သည်လည်း ထိုသံတိုင်များ အတွင်း၌ ရှိလို့နေလေသည်။
ပိုင်ရတု တို့ အဖွဲ့မှာ လူ ကိုးယောက်ခန့်ရှိသော်လည်း မင်းမြတ် နှင့် စိုင်းခ တို့နှစ်ယောက်က လွဲပြီး အခြားသူများမှာ ပိုင်ရတုနှင့် သိပ်၍ မရင်းနှီး။
မျက်နှာမှာရော လက်တွေ၊ခြေထောက်တွေမှာပါ ဒဏ်ရာဒဏ်ချက်တွေနှင့်ချည်း။ပိုင်ရတုတို့အုပ်စု နှင့် အနည်းငယ်အကွာမျက်နှာချင်းဆိုင်တွင် သူတို့နှင့် ရန်ဖြစ်ထားသော အခြားအဖွဲ့တို့ ရှိလို့နေလေသည်။
မကြာပါ။ခဏနေတော့ မိဘအသီးသီးက ရောက်လာကြပြီး သူတို့သားတွေကို ထုတ်သွားကြသည်။မင်းမြတ်နှင့် စိုင်းခ တို့၏ မိဘများမှာလည်း ပိုင်ရတု ကိုထုတ်မပေးချေ။
နောက်ဆုံးတွင် ပိုင်ရတု တစ်ယောက်တည်းသာ ကျန်နေခဲ့ကာ နောက်တစ်နေ့ မနက္မှ သာ ထုတ်ပေးသဖြင့် မိမိဘာသာ အိမ်သို့ပြန်လာလိုက်သည်။
ကျယ်ဝန်းပြီး သစ်ပင်ပန်းမာန်များဖြင့် စနစ်တကျ သေသပ်စွာ တည်ဆောက်သော ခြံဝန်းကြီး အတွင်းသို့ ပြိုင်ကား အနက်ရောင်လေးသည် အဖြူရောင် သုံးထပ်တိုက် ရှေ့တည့်တည့် တွင် ရပ်လိုက်ကာ ပိုင်ရတု အိမ်ထဲသို့ဝင်လာလိုက်သည်။
အိမ်ထဲသို့ခြေချလိုက်သည်နှင့် မြင်လိုက်ရသည်က ထိပ်ဆုံးဆိုဖာပေါ်တွင် ထိုင်ကာ သတင်းစာဖတ်နေသော ပိုင်ရတု၏အဖေ ဦးပိုင်ထွန်း။
"မင်း မနက်ဖြန် မန္တလေးကို သွားတော့"
"မသွားနိုင်ဘူး"
ပိုင်ရတု မိမိအခန်းရှိရာသို့ သွားရန် လှေကားဘက်ကို တည့်တည့်မတ်မတ်လျှောက်သွားလိုက်သည်။
"မသွားလို့မရဘူး...ပြီးတော့ မင်းရဲ့ကားကို သိမ်းလိုက်ပြီ"
"ဘာဆိုင်လို့လဲ...မရပါဘူး"
"မင်း...တစ်သက်လုံးဒီပုံစံ နဲ့ဘဲ နေတော့မှာလား"
"နေမှာပေါ့..."
"မင်း ငါပြောတာကိုနားထောင် တစ်လ ဘဲသွားနေ။ပြီးရင် ရန်ကုန်ကိုပြန်လာ..ဒီဇင်ဘာကျ မင်းတက္ကသိုလ် စတက်တော့"
"မတက်ဘူး..."
"မတက်လို့ရမလားကွ..မင်းနဲ့ရွယ်တူတွေဆို အခု ဒုတိယနှစ်တောင်ရောက်နေကြပြီ။မင်းမရှက်ဘူးလား။ မင်းဘာလုပ်စားမှာလဲ ။လူမိုက်လုပ်စားမှာလား...ဟမ်....."
Daddy ရဲ့ စကားသံများကို မကြားချင်ယောင်ဆောင်ပြီး အိပ်ခန်းထဲကိုသာ အမြန်လာခဲ့လိုက်သည်။ဟင့်အင်း...မသွားနိုင်ဘူး။သွားပြီး ဘာလုပ်ရမှာလဲ။ကျောင်းလည်း မတက်ဘူး။ရှက်လည်း မရှက်ဘူး။
ကိုယ့်ပုံစံကို မှန်ထဲ ပြန်ကြည့်ပြီး နှုတ်ခမ်းတစ်ဖက်ကို တွန့်ရုံမျှပြုံးလိုက်သည်။ပေါက်ပြဲနေသော နှုတ်ခမ်းကအနာက စပ်ဖျင်းဖျင်းဖြစ်သွားသော်လည်းမမှု။
ပိုင်ရတုသည် တီရှပ်အမည်းပြောင်ကို ဒူးနှစ်ဖက်စလုံး ပြဲနေသော ဂျင်းဘောင်းဘီ အမည်းနှင့်တွဲဖက်ဝတ်ဆင်ထားကာ ဘယ်ဘက်နားတွင်လည်း တောက်ပြောင်နေသော စိန်နားကပ်တစ်ခုကို တပ်ဆင်ထားသည်။ညာဘက္မျက်လုံးကလည်း ဖူးယောင်လျက်။
ရေချိုးရန်အတွက် တီရှပ်ကို ချွတ်လိုက်တဲ့အချိန် ညာဘက် ရင်အုံမှ စ၍ ညာဘက် လက်ကောက်ဝတ်အထိ နွယ်ပင်များတွယ်တက်နေသလို ကြိုးကြိုးကြားကြားထိုးထားသော တက်တူးအနက္မှာ ထင်းထင်းရှင်းရှင်း။
ခေါင်းအထက်တွင် ပြေပြေလျော့လျော့စည်းထားသော ကြက်တောင်စည်း အနက်ကွင်းကို ဖြုတ်လိုက်ကာ ဂုတ်အထိ ရှည်လျားသော ဆံနွယ် အညိုတို့အား လွတ်လပ်ခွင့်ပေးလိုက်သည်။
ထို့နောက် ဘောင်းဘီနှင့်အတွင်းခံကို တစ်ခါတည်း ချွတ်ချပြီး ရေချိုးတပတ်အဖြူကို ခါးတွင်ပတ်လျက် ရေချိုးခြင်းလုပ်ငန်းစတင်လိုက်သည်။
ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်တွင်ဆေးထုတ်အချို့။Daddy ပေးခိုင်းလိုက်တာဖြစ်မည်။ထိုအထုတ်ကို ယူ၍ ဗီရိုအံဆွဲကိုဖွင့်လိုက်ကာ အခြားဆေးထုတ်များပေါ်တွင် ပစ်တင်လိုက်ပြီး အံဆွဲကို ပိတ်လိုက်သည်။ဆေးထည့်လေ့ မရှိသောကြောင့် အချို့ဒဏ်ရာများမှာ အမာရွတ်ကျန်နေခဲ့၏။
အိမ်အောက်ဆင်းတော့ မနက်စာက အဆင်သင့်။နာရီကိုကြည့်လိုက်တော့ 9 နာရီခွဲဖြစ်တာကြောင့် Daddy အလုပ်သွားပြီဖြစ်သည်။
အိမ်က အလုပ်သမားများမှာတော့ ကိုယ့်အလုပ်နှင့်ကိုယ်သာ။ကိုယ်လည်း စားစရာရှိတာစားပြီး အခန်းထဲပြန်လာကာ ဖုန်းကို ဖွင့်ကြည့်တော့ မက်ဆေ့ချ် ပေါင်းများစွာ။
ဘယ်သူလဲတော့ ကြည့်စရာမလို။မင်းမြတ် ၊စိုင်းခ နှင့် ရတီ ပင်။ရတီ ဆိုသည်မှာလည်း ကိုယ့်ရဲ့တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်းဖြစ်လေသည်။
ဖုန်းကို ပါဝါပါ ပိတ်လိုက်ပြီး အဲကွန်းဖွင့်ကာ အိပ်စက်လိုက်သည်က ညနေအထိ။
တံခါးခေါက်သံကြောင့် နိုးလာပြီး ပိုင်ရတု အလိုမကျဟန်ဖြင့် စုတ်သတ်လိုက်ကာ တံခါးဖွင့်လိုက်တော့ Daddyကို တွေ့လိုက်ရလေသည်။
"ဘာကိစ္စလဲ Daddy"
"မနက်ဖြန် မန္တလေးကိုသွား ။အဲ့ဒီကပြန်လာရင် မင်းသွားချင်တဲ့ ဂျပန်ကို သွားခွင့်ပေးမယ်"
"....."
"ဘာလဲ။ ငါတကယ်ပြောတာ မန္တလေးမှာ တစ်လလောက်ဘဲ လိမ်လိမ်မာမာ နေခဲ့ ။အဲ့တာဆို ဂျပန်ကိုသွားခွင့်ပြုမယ်။မန္တလေးမှာလည်းဆိုးနေရင်တော့ မသွားရဘူးမှတ်"
"တကယ်နော်..."
"အေး တကယ် အထုတ်ပြင်တော့ အခုည သွား"
"ဒီညလား"
"အေး...ငါအောက်ထပ်ကစောင့်နေမယ်"
ပိုင်ရတု မျက်လုံးတွင် အရောင်များတောက်လို့နေလေသည်။
**အမရာ..ကိုယ်ဒီတစ်လ ပြီးရင် မင်းဆီ လိုက်လာတော့မယ်**
အမရာ....ကျွန်တော့်ရဲ့အချစ်ဦး..အခု လက်ရှိလည်း ချစ်နေရသူ။
........................
Daddy ၏ ကတိစကားကြောင့် မန္တလေးမြို့သို့ရောက်လာခဲ့သည်။ကားကို ကိုယ်တိုင်မမောင်းခိုင်း၊ တစ်ခါမှမစီးဖူးသော လိုင်းကားဖြင့် လိုက်လာရသည်မှာ လုံးဝကိုအဆင်မပြေ။အိမ်က ဒရိုင်ဘာ နဲ့ လိုက်ပို့ပေးလည်း ဖြစ်တဲ့ဟာကို။အင်းပါ။ပိုင်ရတုရေ အားတင်းထားကွ ။ဒီတစ်လဘဲ။ပြီးရင် အမရာနဲ့ အတူတူရှိခွင့်ရပြီ။ကျွန်တော့်ကို လာကြိုမယ့်သူကို ကားဂိတ်မှာစောင့်နေရတာ စိတ်ပျက်ဖို့ကောင်းသည်။
"ဘာလို့ ဒီလောက်ကြာနေရတာလဲကွာ"
ဘောင်းဘီအိတ်ကပ်ထဲက စီးကရက် တစ်လိပ်ကိုထုတ်ကာ မီးညှိပြီး တစ်ရှိုက်ဖွာလိုက်သည်။
ခဏကြာတော့ အသက် ၄၀ လောက်ရှိသည့် ဦးလေးတစ်ယောက် အနားရောက်လာလေသည်။
"အစ်ကိုလေးက ပိုင်ရတုလားခင်ဗျ"
"ဟုတ်တယ် Daddy ကြိုခိုင်းလိုက်တာမလား။ဘာလို့ဒီလောက်ကြာနေရတာလဲ"
"ဟုတ်ကဲ့ တောင်းပန်ပါတယ် အစ်ကိုလေး"
"ရော့ ဒါယူ...အိမ်ကိုမြန်မြန်ပို့ပေး"
Luggage အနက်ကိုပေးလိုက်ပြီး ထိုလူ့နောက်ကိုသာလိုက်သွားလိုက်သည်။ခြံဝန်းထဲသို့ဝင်လိုက်သည်နှင့် မြင်လိုက်ရတာက စိမ်းစိုနေသော သစ်ပင်တွေ။
ရန်ကုန်က အိမ်လောက်တော့မကျယ်ဝန်းပေ။
တစ်ထပ်တိုက် ဖြစ်သော်ငြားလည်း အတော်အသင့်တော့ ကျယ်ဝန်းသည်။ထို့အပြင် မျက်စိအေးသော အပြာနုရောင်လေးဖြင့် ဆေးသုတ်ထားကာသေသပ်လှပသော အိမ်ကလေးတစ်လုံးတည်းသာ ရှိသည်။
ကားကို အိမ်ရှေ့တည့်တည့်တွင်ရပ်လိုက်ပြီး ထိုဦးလေးကတော့ luggage အိတ်ကိုဆွဲကာ ကျွန်တော့်အခန်း ဟုထင်ရသော အခန်းထဲသို့ ဦးဆောင်ခေါ်သွားလေသည်။
"အစ်ကိုလေး လိုတာရှိရင် ပြောပါခင်ဗျ။ဗိုက်ဆာရင် မီးဖိုချောင်ထဲမှာ ပြင်ထားပေးပါ့မယ် ။နားနေပါဦး"
"အင်း..အိမ်မှာ အလုပ်သမားဘယ်နယောက်ရှိတာလဲ"
"နှစ်ယောက်တည်းပါ ။ကျွန်တော်နဲ့ ကျွန်တော့်တူလေး"
"ခင်ဗျားနာမည်က"
"ဦးလင်းအောင်ပါ"
"ဟုတ်ပြီ ။သွားလို့ရပြီ"
"ဟုတ်ကဲ့ ။လိုတာချင်ရင် ခေါ်လိုက်ပါနော်"
ဦးလင်းအောင် ထွက်သွားတော့ ကျွန်တော်လည်း အခန်းကို ကြည့်လိုက်တော့ မဆိုးပါဘူး။အရင်အခန်းလောက် မကျယ်ပေမယ့် အကုန်လုံးက သေသေသပ်သပ်။တစ်လတည်း နေရမှာဘဲ ရလောက္မှာပါ။
"ဘာလို့ အလုပ်သမားက နှစ်ယောက်တည်းလဲ Daddy ကတော့"
စီးကရက် တစ်လိပ်ကိုထုတ်ကာ မီးညှိပြီး
ခြံထဲသို့ဆင်းလာလိုက်သည်။ရေကျသံကြားတာကြောင့် အပင်တွေရေလောင်းနေသည်ထင်။
ကောင်လေးတစ်ယောက် အပင်လေးတွေကို ရေလောင်းနေလေရဲ့။ကြည့်ရတာ ရေသာလောင်းနေတာ စိတ်ကပါပုံမရ။မျက်လုံးက အခြားနေရာကို သာစိုက်ကြည့်လို့နေသည်။ရုတ်တရပ် သူ့မျက်လုံးက ကိုယ့်မျက်လုံးသို့ တည့်တည့်စိုက်ကြည့် လာသော်လည်း အကြည့်မလွှဲတာကြောင့် မျက္မှောင်ကျုံ့မိသွားသည်။
တစ်ဝက်ကျိုးနေပြီဖြစ်သော စီးကရက် ကို ခပ်ပြင်းပြင်းဖွာလိုက်ပြီး ရှေ့သို့နှစ်လှမ်းလောက် လျှောက်သွားလိုက်တော့ ရေပိုက်က ကိုယ့်ဆီရောက်လာကာ ကိုယ့်ကိုရေတွေစိုသွားသည်။ဝတ်ထားသောအဖြူရောင် တီရှပ်အပွကပင် မိမိခန္ဓာကိုယ်ပေါ် ကပ်လို့နေလေပြီ။
"ဟာကွာ...တောက်"
"ဟင်...ဘယ်သူလဲ"
စကားသာပြောနေတာ ကိုယ့်ကိုမကြည့်ဘဲ မျက်စိကစားနေသော သူ့ကြောင့် စိတ်ကပို၍ပင်တိုသွားသည်။ရေပိုက်ကိုလည်း မဖယ်ပေးသေး။အခုထိ ကိုယ်ရှိတဲ့ဘက်ကိုသာ ရေတွေ ပြန့်ကျဲကျလို့နေသည်။
"ဟေ့ကောင် မင်းစောက်လုံး ကန်းနေတာလား။ဒီမှာရေစိုနေပြီ ။ရေပိုက်ကိုဖယ်လေ"
"ဗျာ..ဟုတ်..ဟုတ်ကဲ့တောင်းပန်ပါတယ် ။ကျွန်တော် မျက်စိမမြင်ရလို့ပါ"
"ဟင်...."
_____________________________________
30.8.2020
9:19 PM
Yashika