အခန်း (၁)
ပြန်လည်မွေးဖွားခြင်း
ရွှယ့်တုန်ထင်း မျက်လုံးဖွင့်လိုက်သောအခါ နှင်းစက်မှုန်များကို တွေ့လိုက်ရသည်။ ကောင်းကင်ကြီးက နှင်းပွင့်ချပ်မျာနှင့် ပြည့်နှက်နေလေသည်။ သူမကတော့ နှင်းတွေအောက် ဖုံးလွှမ်းနေသည်။
သူမက ရေကန်၏အလယ်တွင်ရှိသော ဝါးဖောင်ပေါ်တွင် လှဲလျောင်းလျက်ရှိသည်။ သူမ၏မျက်တောင်များပေါ်တွင် ရေခဲမှုန်လေးများက တွဲလွဲခိုလျက်။
အဝတ်ပါးပါးလေးက လေအေးသုန်သုန်ထဲတွင် တဖျတ်ဖျတ်နှင့် လှိုင်းတွန့်နေသည်။ သူမ၏ ပိုးသားစခါးစည်းကြိုးလေးက လှုပ်၍တုန်ခါနေ၏။
သူမ ဇဝေဇဝါဖြစ်သွားမိသည်။ သူမ..သူမ မသေသေးဘူးလား?
တတိယမင်းသား၏ ဓားသွားက ရှင်းရှင်းလင်းလင်းပင် သူမ၏ ရင်ဘတ်ထဲ စိုက်ဝင်သွားခဲ့သည်။ သူ့နှုတ်ခမ်းပါးထက်မှ သရော်ပြုံးကိုရော၊ မှင်သက်လောက်ဖွယ်ရာ မျက်နှာထက်တွင် ကျေနပ်အားရနေသော အမူအရာ ခပ်ရေးရေးထင်ပေါ်နေသော ကြောင်ဖြူလေးကို ပွေ့ချီထားသော ထိုအမျိုးသမီးကိုရော သူမရှင်းလင်းစွာ မှတ်မိနေပါသေးသည်။
ရွှယ့်တုန်ထင်းက လေထဲသို့လက်ကမ်းလိုက်ပြီး သူမ၏လက်ကို အကြိမ်အနည်းငယ်မျှ ဝှေ့ယမ်းပြီး နှင်းမှုန်များအား မွှေ့လည်လိုက်စေသည်။ ထူးဆန်းပေသည်။ သူမ၏ ဖြူဆုတ်လျက်ရှိသော လက်ကောက်ဝတ်မှ ရုပ်ဆိုးအကျည်းတန်သောအမာရွတ်သည် မည်သည့်နေရာသို့ရောက်သွားလေသနည်း။ သူမ အသက်နှစ်ဆယ်တုန်းက မင်းသားသုံးကို ကူညီ၍ ဆန့်ကျင်သူများကို သုတ်သင်ပေးခဲ့ဖူးသည်။ တတိယမင်းသား ကျောက်ရွှမ်းကျိကို အိမ်ရှေ့စံမင်းသားနေရာထိရောက်အောင် တစ်လှမ်းချင်းစီ သူမကူညီပေးခဲ့ဖူးသည်။ သူမပြန်ရခဲ့သည်က နှလုံးသားကို ဖြတ်၍သွားသော အေးစက်စက်ဓားတစ်ချက်သာ။ ထို့နောက် ကြောင်ဖြူပိုက်ထားသော အမတ်ချုပ်ကြီး၏ သမီး၊ ထိုအမျိုးသမီးကတော့ မင်းသားသုံး၏ တရားဝင်ဇနီးဖြစ်လာသည်။
ရွှယ့်တုန်ထင်း သူမကိုယ်သူမ လှောင်ရီမိသည်။ သူမက မည်သူမို့နည်း။ သူမက ဘာမျှမရှိသော အရှေ့ပင်လယ်မြို့စွန်လေးက သီချင်းသည်မလေးဘဝမှ စတင်ခဲ့သူဖြစ်သည်။ သူမအသက်ဆယ့်ခုနစ်နှစ်တုန်းက ရှေ့ဖြစ်ဟောသူများက 'အရှေ့ပင်လယ်မှ တုန်ထင်းမိန်းကလေးကို ရသောသူသည် ကမ္ဘာကြီးကို ပိုင်ဆိုင်မည်'ဟု ဟောကိန်းထုတ်ခဲ့လေသည်။ ထို့ကြောင့်ပင် တတိယမင်းသားကျောက်ရွှမ်းကျိက ခရီးဝေးမှလာပြီး တိမ်ထွတ်နယ်စပ်မှ ဤနိမ့်ကျသော သီချင်းသည်မလေးကို ခေါ်ခဲ့ခြင်းဖြစ်သည်။
ရွှယ့်တုန်ထင်းတစ်ယောက် မိန်းမောတွေဝေနေမိသည်။ သူမဘယ်ရောက်နေမှန်း သူမကိုယ်သူမလည်း မသိပေ။ သူမ၏ဘဝတွင် မကောင်းသောအရာများကို လုပ်ခဲ့သည်ဟု ခံစားရသည်။ ထို့ကြောင့် သူမထိုက်နှင့်သူမကံအဖြစ် ငရဲသို့ပို့ခံလိုက်ရခြင်းဖြစ်သည်ဟု ထင်မိသည်။ သို့သော် ဤနေရာသည် ငရဲနှင့်လည်း မတူပေ။ ထို့ပြင် လေအေးအဝှေ့တွင်ပါလာသော ရနံ့ကို သူမရင်းနှီးနေသည်။
ရုတ်တရက် ကန်ဘေးမှ အော်ခေါ်သံကို ကြားလိုက်ရသည်။ "ရွှယ့်တုန်ထင်း! အပြင်မှာအေးနေပြီလေ။ ကန်ပေါ်မှာ မှေးနေပြီး ဘာလုပ်မလို့လဲ။ မြန်မြန် ဒီကိုလာ"
သူမကူကယ်ရာမဲ့စွာ တွန့်လိုက်မိသည်။ ဤသည်မှာ မားမားချောင်၏အသံပင်။ ဒါမည်သို့ဖြစ်နိုင်နည်နည်း။ သူမတိမ်ထွတ်နယ်စပ်မှ ထွက်သွားပြီး သုံးနှစ်မြောက်တွင် မားမားချောင်သည် အဖျားရောဂါတစ်ခုကြောင့် ဆုံးပါးသွားခဲ့သည်။ သူမ ကောက်ကာငင်ကာထရပ်လိုက်ပြီး ကန်သင်းရိုးပေါ်မှ ဝါးတဲလေးကို ကြည့်လိုက်သည်။ သည်နေရာလေးက သူမထွက်သွားစဉ်ကအတိုင်းပင်။ တိမ်ထွတ်နယ်စပ်လား?
ရွှယ့်တုန်ထင်း ဝိုးတဝါးရေရွတ်လိုက်သည်။ "ငါ..ငါပြန်ရောက်လာတာလား? ငါ..ငါက ပြန်မွေးဖွားလာတာလား"
မျက်ရည်ပေါက်များက သူမမျက်နှာပေါ်မှ ကျဆင်းလာသည်။ သူမ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး တွေးမိလိုက်သည်။ "ဒါ ဒါက ကောင်းကင်ဘုံကပေးတဲ့ ငါ့ဘဝကို အသစ်ပြန်စဖို့ အခွင့်အရေးလား။ ဒီဘဝမှာတော့ ပတ်ပတ်လည်က တွန်းအားအပေးခံလိုက်ရလို့ အန္တရာယ်များခဲ့ရတဲ့ ဘဝမျိုး ထပ်အဖြစ်ခံမှာ မဟုတ်တော့ဘူး။ ဟောကိန်းထဲမှာ ပါတဲ့အတိုင်းလည်း အဖြစ်ခံမှာ မဟုတ်ဘူး။ ငါက အရှေ့ပင်လယ်က တုန်ထင်းမိန်းကလေးမဟုတ်တော့ဘူး။ ငါက ရွှယ့်တုန်ထင်းပဲ"
လေပြည်အေးက ရွှီးခနဲဖြတ်တိုက်သွားပြီး ကန်ရေအေးအေးပေါ် လှိုင်းတွန့်လေးများ ထသွားစေသည်။ ထိုအေးစိမ့်နေသော ခံစားချက်က သူမကို အိပ်မက်မဟုတ်ကြောင်း ပြောပြနေသည်။ သူမ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်လိုက်ပြီး ဝါးလှော်တက်ကိုကိုင်ကာ အာမေဍိတ်များစွာဖြင့် ကန်စပ်သို့ရောက်အောင် လှော်ခတ်သွားလိုက်သည်။ သူမ ထိုသွယ်လျသောခါးကိုကြည့်လိုက်မိသော်လည်း မြင်လိုက်ရသည်က သူမရှေ့မှ သိက္ခာရှိဟန်ပေါ်သော ထိုလှပနေဆဲအမျိုးသမီး။ ရွှယ့်တုန်ထင်းသည် အပြေးကလေးလာ၍ ထိုအမျိုးသမီးကို တင်းကြပ်စွာပွေ့ဖက်လိုက်သည်။
မားမားချောင်မှာ မူးနောက်နောက်ဖြစ်သွားပြီး ဝေခွဲမရဖြစ်သွားလေသည်။ "သမီးရယ်၊ ဘာများဖြစ်နေတာလဲကွဲ့"
ရွှယ့်တုန်ထင်းကတော့ ငိုကြွေးနေဆဲ။ "မားမားချောင်၊ မားမားကသာ သမီးတစ်ဘဝလုံး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့သူဆိုတာကို အခုသမီးသိသွားပြီ" ယခင်ဘဝ၌ သူမသည် တတိယမင်းသား၏ အိမ်တော်တွင် အန္တရာယ်များလှသော သူတော်ကောင်းယောင်ဆောင်အရေခြုံများနှင့် ကြုံတွေ့ခဲ့ရသည်။
မားမားချောင်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကုတ်လိုက်သည်။ "ဟုတ်ပြီ။ ဟုတ်ပြီ။ သရုပ်ဆောင်တာ ရပ်လိုက်တော့။ သမီးကို မဆူတော့ပါဘူး၊ ဟုတ်ပြီလား။ ဆယ့်ခြောက်နှစ်ပဲရှိသေးတဲ့ ကလေးမလေးက တစ်ဘဝလုံးနဲ့တောင် လာတိုးနေသေးတယ်"
ရွှယ့်တုန်ထင်းက တစ်စက္ကန့်မျှ ကြောင်အသွားပြီး မားမားချောင်ကို ကြည့်လိုက်သည်။ "သမီးက အ..အခု ဆယ့်ခြောက်နှစ်လား"
မားမားချောင် အေးခဲသွားသည်။ "ကိုယ့်အသက်ကိုတောင် မမှတ်မိတော့ဘူးလား"
ရွှယ့်တုန်ထင်းခေါင်းငြိမ့်လိုက်ပြီး အားတင်းပြုံးလိုက်ရသည်။ "မှတ်မိပါတယ်။ သမီးက သေချာအောင်မေးကြည့်တာပါ"
သူမ အသက်ဆယ့်ခုနစ်နှစ်မြောက် ဆောင်းဦးရာသီတွင် တတိယမင်းသားရောက်လာခဲ့ခြင်း ဖြစ်သည်။
---
This is a translation.
Not my own work.